|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ ဇူလိုင် ၁၉၅၈ ရုံးချုပ် – ရေးချောင်းဖျား၊ မွန်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – မွန်ပြည်နယ် သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူတောင်ကြား၊ တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်၊ ရေဖြူနှင့် ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ဥက္ကဌ – နိုင်ဟံသာ ဒုဥက္ကဌ – နိုင်အောင်မင်း Facebook – https://www.facebook.com/newmonstateparty စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများရှိနေသည့် မွန်ပြည်သစ်ပါတီသည် 7 EAO Alliance တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို စွဲကိုင်ထားဆဲဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင်တော့ ကိုယ့်လူမျိုးကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးကိုဦးတည်ပြီး နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေကြောင်း ပြည်သူလူထုထံ NMSP က အသိပေးခဲ့ပြီး မွန်လူမျိုးတို့၏ ရည်မှန်းချက်ဖြစ်သော မွန်ပြည်တည်ထောင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် အတူတကွ ရုန်းကန်ကြိုးပမ်းသွားကြရန်လည်း တိုက်တွန်းထားသည်။ စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ ရပ်နားသွားကြောင်း၊ စစ်အုပ်စုထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် စစ်မှုထမ်းဥပဒေများကြောင့် ပြည်သူလူထု၏ မလုံခြုံမှုနှင့် ပြည်တွင်းစစ် သက်ဆိုးရှည်မည်ကို စိုးရိမ်နေကြောင်း NMSP က ဆိုပါသည်။ 1 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် NMSP ၏ NCA လမ်းကြောင်းအတိုင်း ဆက်သွားမည့်မူဝါဒအား လက်မခံနိုင်ကြသည့် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက် တူညီသူများသည် ပါတီမှခွဲထွက်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (New Mon State Party-AD) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန် ဦးဆောင်နေသော NMSP ၏ တပ်ရင်း (၅) သည် ပါတီမှခွဲထွက်ကာ NMSP-AD နှင့် ပူးပေါင်းသွားခဲ့သည်။ NMSP-AD သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေသကဲ့သို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများအား စည်းရုံးခြင်း၊ မဟာမိတ်ဖွဲ့ခြင်း၊ စစ်အုပ်စုအား စစ်ရေးအရ စုဖွဲ့ဖိအားပေးခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်နေပါသည်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism Approach) ချဉ်းကပ်မှုများကိုလည်း NMSP-AD က ပူးပေါင်းပါဝင်ထားသည်ကို တွေ့ရသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ကို တည်ဆောက်သွားမည်ဟု NMSP-AD က ထုတ်ပြန်ထားပါသည်။ မွန်ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများကတော့ မွန်ပြည်သစ်ပါတီအား စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းအား ရပ်တန့်စေချင်ကြပြီး စစ်အုပ်စုအား ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုများအတွင်း ပူးပေါင်းပါဝင်လာခြင်းကို ကြိုဆိုမျှော်လင့်နေကြသည်ဟု ဆိုရမည်ဖြစ်သည်။ 1. မွန်ပြည်တည်ထောင်နိုင်ရေး တော်လှန်ရေးအဖွဲ့တွေနဲ့ အတူအကွကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ်ပါတီပြော၊ The tanintharyi times ၊ ၁၃ ဖေဖော်ဝါရီ ၂၀၂၅ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
By MPM
10 အောက်တိုဘာ, 2025
👁