၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ ၅ နှစ်တာအတွင်း စစ်ကောင်စီ၏ လေယာဉ် ၅ စီးအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောဆိုသည်။
မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့ စကခ ၂၁ နေရာကို မေလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနှင့် စစ်အင်အားလာရောက်ပို့ချချိန်တွင် KIA ပူးပေါင်းတပ်ဖွဲ့တို့က ရဟတ်ယာဉ် ၂ စီးကို ပစ်ချခဲ့ရာတွင် ရဟတ်ယာဉ်တစ်စီးမှာ ရွှေကူမြို့နယ် KIA တပ်ရင်း ၅ နယ်မြေတွင် ပျက်ကျသွားခဲ့ပြီး၊ နောက်တစ်စီးမှာ ရွှေကူမြို့သို့ အရေးပေါ် ပြေးဆင်းသွားကြောင်း သိရသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က နှစ်စီးပစ်ချနိုင်ခဲ့တဲ့ စစ်လေယာဉ်နှစ်စီးနဲ့ ဆိုရင် ဒီတော်လှန်ရေးကာလ ၅ နှစ်အတွင်း KIA ပစ်ချနိုင်တဲ့ စစ်တပ်အသုံးပြုစစ်လေယာဉ် ၅ စီးအထိ ရှိပြီ။ အဲဒီထဲမှာ ရဟတ်ယာဉ် ၄ စီးနဲ့ မနှစ်က ရှမ်းပြည်နယ်၊ နမ်ဖက်ကာမှာ ဂျက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တယ်” ဟု ပြောသည်။
ရွှေကူမြို့နယ်ထဲ ရဟတ်ယာဉ်တစ်စီးပျက်ကျသွားသည့်နေရာ၌ မေလ ၂၁ ရက်နေ့အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး လေယာဉ်ပျက်ကျသည့်နေရာတွင် ဗိုလ်ကြီးအဆင့်ရှိ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“မနေ့က ပစ်ချလိုက်တဲ့လေယာဉ်ထဲမှာ တစ်စီးကတောထဲပျက်ကျပြီး မီးလောင်ပျက်စီးသွားတယ်။ အဲဒီနေရာမှာ မနေ့ညမိုးချုပ်သွားတဲ့အထိ သွားရောက်ကြည့်တဲ့အခါ မီးအရမ်းလောင်နေသေးတော့ ဘယ်နှစ်ယောက်ဆုံးတယ်ဆိုတာ အသေးစိတ်မသိရဘူး။ ဒါပေမယ့် အဲဒီတဝိုက်မှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတစ်လောင်းတော့ တွေ့ထားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA ပစ်ချလိုက်သည့် ရဟတ်ယာဉ် ၂ စီးထဲမှ ရွှေကူမြို့ထဲကို အရေးပေါ်ဆင်းသက်သွားသည့် ရဟတ်ယာဉ်တစ်စီးနှင့်ပတ်သက်ပြီး သတင်းအသေးစိတ် မသိရှိသေးရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စီးပစ်ချခဲ့မှုနှင့်ပတ်သက်ပြီး ရှေ့တန်းသို့ ထောက်ပို့ပစ္စည်းများပို့ပြီးနောက် ပြန်ထွက်ခွာစဉ် ဗန်းမော်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၄၀၀၀ အကွာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏သတင်းမီဒီယာတို့က ထုတ်ပြန်ပြောဆိုသည်။
KIA တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့၊ နာဖော့ စစ်ကောင်စီတပ်စခန်းကို စစ်ရိက္ခာလာပို့သည့် MI-17 ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာတိုက်ပွဲကို ဗုံးလာကြဲသည့် FTC 2000 G ဂျက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလထဲတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကျေးရွာကြားတွင် စစ်ကောင်စီတပ်၏ MI-35 ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သည် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးခံရသည့်ပြည်နယ်ထဲ အပါအဝင်ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်၏ ဗျူဟာမြောက်တပ်ရင်းနှင့် မြို့ပေါင်း ၁၀ မြို့ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်တပ်သုံးလေယာဉ် အမျိုးအစားပေါင်းစုံနှင့် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေပြီး လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ လက်ရှိ၌ ကချင်ပြည်နယ်ထဲ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင်လည်း တစ်ရက်ကို လေကြောင်းနှင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် စစ်ကြောင်းများကလည်း လေကြောင်းအကူနဲ့ စစ်ကြောင်းထိုးတက်နေဆဲဖြစ်သည်။
ရုရှားနိုင်ငံထုတ် Mi-17 သည် ကမ္ဘာတစ်ဝှမ်းတွင် သယ်ယူပို့ဆောင်ရေးနှင့် အထောက်အပံ့များအတွက် အသုံးပြုသော ဘက်စုံသုံးစစ်ဘက်ဆိုင်ရာ ဟယ်လီကော်ပတာဖြစ်ပြီး တပ်သား ၃၆ ဦး သို့မဟုတ် ကုန်ပစ္စည်း ၄,၀၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်သော ရဟတ်ယာဉ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
ထိုစစ်ရဟတ်ယာဉ်များသည် ပုံစံအမျိုးမျိုးပေါ်မူတည်ပြီး စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
KNG ပေးပို့သည်။