21 မတ် 2025 /

See today's Peace Related News

သတင်းKA က ထိုင်း - ကရင်နီ နယ်စပ်၊ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်

KA က ထိုင်း – ကရင်နီ နယ်စပ်၊ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်

ထိုင်း – ကရင်နီ (ကယား) ပြည်နယ်စပ်ရှိ စစ်ကောင်စီ၏ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း) တောင်ကတုံးစခန်းကို ကရင်နီပြည်တပ်မတော် (KA) က ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ်က အတည်ပြုပြောဆိုသည်။

KA က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လက်နက်ကြီး၊ ဒရုန်းများနှင့် စစ်ဆင်ရေးစတင်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ ပေးခဲ့ကြောင်းနှင့် ထိုတပ်စခန်းတွင် စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်သာရှိနိုင်သည်ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

“ကျနော်တို့အဖွဲ့ ဝင်ပြီးရှင်းလင်းရေးလုပ်တယ်လေ။ လုပ်တော့ ကျနော်တို့ နေရာယူထားလိုက်တယ်။ အဲ့ဒီစခန်းက အရင်က ကျနော်တို့ Control စက်ထားတဲ့နေရာလေ။ ကျနော်တို့က ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့မခံနိုင်တော့ ပြန်ဆုတ်တဲ့သဘောပေါ့။ နယ်စပ်မှာ ဒီစခန်းနောက်ဆုံးပဲ တခြားမရှိတော့ဘူး” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်သား အကျအဆုံးရှိနိုင်ပြီး လက်နက်ခဲယမ်း၊ ကားတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KA က ဆိုပါတယ်။

တောင်ကတုံးတပ်စခန်းသည် တောင်ထိပ်တွင်တည်ရှိသည့် စခန်းကုန်းဖြစ်ပြီး ယခင်က ကရင်နီပြည်တပ်မတော် (KA) အခြေစိုက်တပ်စခန်းဖြစ်ပေမယ့် စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပြီး တပ်စွဲနေရာယူထားခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိပြီဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“ကျနော်တို့က တစ်ပြည်လုံးကိုသိမ်းချင်တာပေါ့၊ ဒါပေမယ့် အခြေအနေအရပေါ့။ ဒီတစ်ခုထဲ မဟုတ်ပါဘူး။ ကရင်နီပြည် တခုလုံးမှာတော့ စစ်ကောင်စီချုပ်ငြိမ်းအောင် လုပ်ရမှာပဲ။ ကျနော်တို့ ရည်ရွယ်ထားတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့သည် ကရင်နီနှင့် ထိစပ်နေသော ထိုင်း – ရှမ်း နယ်စပ်က လွိုင်ဆမ်မုန်း တပ်စခန်းအတွင်းကို ဆုတ်ခွာထွက်ပြေးသွားသည်ဟု KA ကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆိုတရှားမြို့နယ် (ထိုင်း – ကရင်နီနယ်စပ်) က စစ်ကောင်စီ၏ မယ်လယုတပ်စခန်းကို KA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိုစခန်းရှိ ခလရ (၁၃၄) တပ်သားများသည် စခန်းက ဆုတ်ခွာထွက်ပြေးပြီးနောက် ယခုသိမ်းပိုက်ခဲ့သည့် တောင်ကတုံးတပ်စခန်းတွင် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ကန္တာရဝတီတိုင်း ( မ် ) – ပေးပို့သည်။