ရသေ့တောင်တွင် ဆေးဝါးများ အဆိုးရွာဆုံးဈေးမြင့်တက်နေ

0
84
ပုံစာ - ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆေးဆိုင်တစ်ဆိုင်။ (Photo – DMG)

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်လမ်းရေလမ်း ဖြတ်တောက်ထားတာကြောင့် ကုန်ဈေးနှုန်းများ ၉ ဆခန့်အထိ မြင့်တက်နေပြီး ယင်းတို့အထဲတွင် ရသေ့တောင်မြို့နယ်သည် အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အခြေခံစားသောက်ကုန်စည်နှင့် ဆေးဝါးအများစုကို ကျောက်တော်မြို့မှတင်သွင်းနေပြီး ကျောက်တော်တွင် ငွေကျပ် ၅,၀၀၀ ပေးဝယ်ရသည့် အအေးမိဖျားနာပျောက်ဆေးဒီကိုလ်ဂျင် (Decolgen) တစ်ကတ်ကို ရသေ့တောင်တွင် ငွေကျပ် ၁၀,၀၀၀၊ အစာကြေဆေး ဒိုင်ဂျင်း (Digene) တစ်ကတ်ကို ငွေကျပ် ၅,၀၀၀ အထိ ပေးဝယ်ရသည်ဟု ဆိုသည်။

ရသေ့တောင်ဒေသခံကလေးမိခင်တစ်ဦးက “ဆေးဝါးတွေ ဈေးကြီးတာတော့ မပြောနဲ့တော့။ နှာစေး၊ ချောင်းဆိုး ဆေးတချိန်စာသွားဝယ်ရင် ပိုက်ဆံ ၅,၀၀၀ အနည်းဆုံးကုန်တယ်။ ကလေးနေမကောင်းဖြစ်ရင် ပိုဆိုးတယ်။ စပ်ဆေးတိုက်ဖို့ကလည်း ဆေးတွေက အရင်တုန်းကဆေးတွေနဲ့လည်း မတူဘူး။ ဆေးဆိုင်က ဆေးစာပြပြီးဝယ်ရင် အနည်းဆုံး ၃၀,၀၀၀ လောက်ကုန်တယ်။ ကလေးနေမကောင်းဖြစ်မှာကို အရမ်းကြောက်နေတယ်” ဟု ပြောသည်။

ရခိုင်ဒေသသို့ အခြေခံဆေးဝါးနှင့် ကုန်စည်အများစုကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခက်ခက်ခဲခဲ တင်သွင်းနေရပြီး ရသေ့တောင်မြို့နယ်သည် နှစ်ဘက်ကြားတွင် အလှမ်းဝေးသောကြောင့် ကုန်စည်နှင့် ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ပြည်မဘက်မှလာသောဆေးနှင့် အိန္ဒိယမှလာသော ဆေးများအကြား ဆေးအမည်ကွာဟချက်ကြောင့် ဆေးရောင်းသူနှင့်ဝယ်သူကြား နားလည်မှုလွှဲကာ ဆေးမှားယွင်းမှုများလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အဖွားအတွက် သူသောက်နေကျအားဆေးသွားဝယ်တာ။ ဆိုင်ရှင်က အဲဒါမျိုးမလာတော့ဘူး ဒီဆေးလည်း အတူတူပဲဆိုပြီး ပေးလိုက်တယ်။ ဒါကိုသောက်ပြီး အဖွားဝမ်းလျှောပြီး သေမလိုဖြစ်သေးတယ်။ လိုချင်တဲ့ဆေး မရတာတွေများတယ်။ ဆေးသွားဝယ်ရင် ကျောက်တော်ကမှာထားတယ် မရောက်သေးဘူးဆိုပြီး ခဏခဏကြားရတယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

AA ထိန်းချူပ်သည့်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ကာ ကုသပေးမှုများ လုပ်ဆောင်နေသော်လည်း အဆိုပါနေရာများကို လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများမှာ ဆေးကုသရန် စိုးရိမ်ကြောက်လန့်နေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here