“ရွေးကောက်ပွဲ လုံခြုံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးတာက ၁၇ ဖွဲ့ ရှိတယ်။ ထူးခြားတာက ရွေးကောက်ပွဲ အပိုင်းလိုက် ကျင်းပဖို့က သေချာသလောက်ရှိတယ်။ အဲလိုအပိုင်းလိုက် ကျင်းပတဲ့အခါမှာ တိုင်းနဲ့ပြည်နယ် ခုနှစ်ခုက မပါဘူး” နိုင်မျိုးတင့်လွင်/ ပ – ခေါင်းဆောင် (မွန်တိုးတက်ရေးပါတီ)

0
63
ပုံစာ - နိုင်မျိုးတင့်လွင်/ ပ - ခေါင်းဆောင် (မွန်တိုးတက်ရေးပါတီ)

လာမည့်ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာများအပါအဝင် နိုင်ငံရေးပါတီ (၅၁) ပါတီနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး မွန်တိုးတက်ရေးပါတီ ပ – ခေါင်းဆောင် နိုင်မျိုးတင့်လွင်နှင့် ဆက်သွယ်မေးမြန်ချက်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းထားသည့် အကြမ်းဖက် တိုက်ဖျက်မှု နှိမ်နင်းရေးအဖွဲ့များကို ရွေးကောက်ပွဲအတွင်း လုံခြုံရေးတာဝန် ပေးအပ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နိုင်ငံရေးပါတီ (၅၁) ပါတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် NSPNC က ထိုသို့ပြောဆိုခဲ့သည်ဟု ယင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် မွန်တိုးတက်ရေးပါတီမှ ပ- ခေါင်းဆောင် နိုင်မျိုးတင့်လွင်က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာနှင့် လုံခြုံရေး ဆိုင်ရာများအပြင် နိုင်ငံရေးပါတီများက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့သည့် ခရီးစဉ်အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြောင်း မွန်တိုးတက်ရေးပါတီပြောဆိုမှုအရ သိရသည်။

လာမည့်ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာများအပါအဝင် နိုင်ငံရေးပါတီများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ကြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်တိုးတက်ရေးပါတီမှ ပ-ခေါင်းဆောင် နိုင်မျိုးတင့်လွင်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တက်ရောက်ခဲ့တဲ့ NSPNC နဲ့ ဆွေးနွေးပွဲမှာ အဓိက ဘယ်လိုအချက်တွေ ဆွေးနွေးဖြစ်ကြပါလဲ။

ဖြေ။ ။ ဆွေးနွေးဖြစ်တာက ၄ ချက် ရှိတယ်ပေါ့။ (၁) က အင်စတီကျူရှင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲခြင်း အပိုင်း၊ (၂) က အိန္ဒိယကို သွားခဲ့တဲ့အဖွဲ့ရယ်၊ (၃) က ပြည်ထောင်စုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ပေါ့။ နောက်ဆုံးက ရွေးကောက်ပွဲနဲ့ လုံခြုံရေးပေါ့နော်။ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ တွေပေါ့ အားလုံးပေါင်း ၄ ချက်လောက်ရှိတယ်။

အဲဒီ ၄ ချက်မှာဆိုရင် အကြမ်းဖျင်းဆွေးနွေးထားတာ အချက် ၇၂ ချက် လောက်ရှိတယ်။ အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲရေးမှာ ၅ ချက် ရှိတယ်။ အိန္ဒိယကနေလာတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ၁၁ ချက်ရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ရေးမှ ၂၇ ချက်နဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေးမှာ ၃၀ ချက်လောက် ဆွေးနွေးထားတာ ရှိတယ်။ ဒါပေမဲ့လည်း အားလုံးကိုတော့ အတည်မပြုရသေးတော့ အသေးစိတ်အချက်အလက်ကို ပြောပြလို့ မရသေးဘူးပေါ့လေ။

မေး။ ။ ဆိုတော့ အချက် ၄ ချက်ထဲမှာမှ ရွေးကောက်ပွဲနဲ့ လုံခြုံရေးနဲ့ပတ်သတ်ပြီး ဘာတွေ ညွှန်ကြားပြောဆိုတာရှိပါလဲ။

ဖြေ။ ။ အကြမ်းဖျင်းအနေနဲ့ နိုင်ငံရေးပါတီတွေက ဆွေးနွေးကြတယ်ပေါ့။ ခြုံပြီးပြောရမယ်ဆိုရင် လုံခြုံရေး အပိုင်းမှာ အချို့က စစ်တပ်ကပေးတဲ့လုံခြုံရေးကို ကြိုက်တာရှိသလို မကြိုက်ကြတာလည်းရှိတယ်။ အများစုက အဲအကြောင်းကို ဆွေးနွေးတာများတယ်။ နောက်ဆုံးအပိတ်မှာ ဆွေးနွေးသွားတာက တစ်နိုင်ငံလုံးမှာ အကြမ်းဖက် တိုက်ဖျက်မှု နှိမ်နင်းရေး အသက် ၃၅ နဲ့ ၆၅ ကြားက အဖွဲ့တွေကို အယောက် ၇ ထောင်လောက် ရှိတယ်။ အဲဒီအဖွဲ့ ကဆို လက်နက်ကိုင်တဲ့ အဖွဲ့လည်းမဟုတ်ဘူးပေါ့။ လက်နက်ကိုင်လုံခြုံရေးအဖွဲ့က ၃ ထောင်လောက် ရှိမယ်။ အဲဒီတွေက သင်တန်းဆင်းပြီးသားတွေပေါ့နော်။

ဆိုတော့ အဲဒီသင်တန်းဆင်းအဖွဲ့ အယောက် ၁၀၀၀ နဲ့ လုံခြုံရေး ပေးသွားမယ်ပေါ့။ ဒါ့အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လုံခြုံရေး ဝိုင်းလုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဝိုင်းဝန်းပါဝင်လို့ ရတယ်ပေါ့နော်။ သင်တန်းလည်း ပေးမယ်၊ လစာပေးမယ်ပေါ့။ ခေါင်းစဉ်က အကြမ်းဖက် တိုက်ဖျက်မှု နှိမ်နင်းရေးအဖွဲ့ပေါ့။ သူတို့ဝတ်စုံက စစ်ဝတ်စုံတော့ မဟုတ်ဘူး။ အပြာရောင်လား မိုးပြာလား အဲဒါတွေ ဖြစ်မယ်။ သူတို့တွေက ရွေးကောက်ပွဲအတွက် လုံခြုံရေးပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက ပြောတယ်ပေါ့နော်။

မေး။ ။ နိုင်ငံရေးပါတီတွေ လုံခြုံရေးနဲ့ပတ်သတ်ပြီး လက်ရှိကြုံနေရတဲ့ကိစ္စရယ် စကစက လုံခြုံရေးအပိုင်းမှာ ဘယ်လိုဝိုင်းဝန်းဆောင်ရွက်ပေးသွားဖို့ရှိပါလဲ။

ဖြေ။ ။ လက်ရှိအခြေအနေကိုတော့ သေသေချာချာပြောထားတာ မရှိသေးပါဘူး။ အချို့နိုင်ငံရေးပါတီတွေ ပြောတာက လွှတ်တော်လည်းခေါ်လို့ မရသေးဘူး၊ အခြားလည်း လုပ်လို့မရသေးဘူးဆိုရင် မလုပ်သေးဖို့နော်။ နိုင်ငံရေးအခန်းကဏ္ဍ ကျဉ်းမြောင်းအောင်လုပ်ပြီး နိုင်ငံရေးပါတီတွေအတွက် ဘာမှလည်းလုပ်မရဘူး။ လုံခြုံရေး လည်း ဘာမှမပေးနိုင်သေးဘူး။

ပြီးတော့ ပါတီစည်းရုံရေးလုပ်ဖို့လည်း ဘယ်သူမှစိတ်မဝင်စားနေတော့ ဒီကုန်ဈေးနှုန်းမြင့်ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းနေတဲ့အချိန်မှာ ရွေးကောက်ပွဲ ဘာမှမလုပ်သေးဖို့လည်း ပြောကြတယ်ပေါ့။ ရွေးကောက်ပွဲ ကလည်း နိုင်ငံရေးထွက်ပေါက် မဟုတ်ဘူးလို့လည်း ပြောကြတယ်ပေါ့။ ဒါပေမဲ့ ရုရှား၊ ယူကရိန်းနှင့် ထိုင်းက အကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူတို့ကကူညီမယ်ပေါ့။ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲကို၊ သူတို့ ပြောကြားချက်အရဆို လုပ်တာတော့ ဖြစ်အောင်လုပ်မယ်ပေါ့၊ ၂၀၂၅ နိုဝင်ဘာမှာပေါ့လေ။

မေး။ ။ နိုင်ငံရေးပါတီတွေဘက်က ဘာတွေ တင်ပြဆွေးနွေးတောင်းဆိုတာရှိပါလဲ။

ဖြေ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အကြောင်းကိုတော့ ပိုဆွေးနွေးဖြစ်တယ်။ ရွေးကောက်ပွဲ လုံခြုံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးတာက ၁၇ ဖွဲ့ရှိတယ်။ ထူးခြားတာက ရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပဖို့က သေချာ သလောက်ရှိတယ်။ အဲလိုအပိုင်းလိုက်ကျင်းပတဲ့အခါမှာ တိုင်းနဲ့ပြည်နယ် ခုနှစ်ခုကမပါဘူး။ တနင်္သာရီတိုင်းတို့ မပါဘူး။ ဆွေးနွေးပွဲမှာ ပြောတာတော့ မဟုတ်ဘူးပေါ့လေ၊ lobby (ဧည့်ခန်း) အခန်းတွေမှာပေါ့။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း PR (အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်) နဲ့ သွားမလား FPTP (မဲများသူအနိုင်ရသည့် စနစ်) နဲ့ သွားမလား၊ နှစ်ခုပေါင်းပုံစံနဲ့ သွားမလားဆိုတာ အမျိုးသားလွှတ်တော်က PR နဲ့ သွားပြီး ပြည်သူ့လွှတ်တော်က FPTP နဲ့ သွားမယ်ပေါ့လေ။

ဒါကလည်း အသေအချာ အတည်မပြုနိုင်သေးဘူး။ နောက်တစ်ခုက ကျနော်ဘက်တင်ပြတာက အရေးပေါ် ဥပဒေ ပြဌာန်းချက်တစ်ခုပေါ့လေ။ ရွေးကောက်ပွဲ မတိုင်ခင်ရော ရွေးကောက်ပွဲမှာရော အကြမ်းဖက်ဖို့ လုပ်ဆောင် လာနိုင်တဲ့ အခြေအနေတွေကို ရှင်းလင်းဖို့ ဥပဒေတစ်ခု ထွက်နိုင်ဖို့ပေါ့။ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး မပြုနိုင်ဖို့ ပြဌာန်းချက်တစ်ခု လုပ်နိုင်ဖို့ပေါ့။ အဲဒီအချက်ကို သူတို့ (စကစ) ဘက်ကလည်း သဘောကျတယ်ပေါ့။ ရွေးကောက်ပွဲကို အကြမ်းဖက်မဲ့သူ အပြစ်တင်အပုတ်ချမှုတွေ ရှိလာမယ်ဆိုတော့ သူတို့ ဘက်ကလည်း အရေးပေါ် ပြဌာန်းချက်တစ်ခု အချိန်မီထုတ်နိုင်ဖို့ ကြိုးစားမယ်ပေါ့။

မေး။ ။ မွန်တိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် လတ်တလောမှာ ဘာတွေလှုပ်ရှားတာရှိပါလဲ။

ဖြေ။ ။ မွန်တိုးတက်ရေးပါတီက နည်းဥပဒေအရက မွန်ညီညွတ်ရေးပါတီနဲ့ တူတူပဲပေါ့လေ။ ကရင်ပြည်နယ် မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ လှိုင်းဘွဲ့ကို အခြေခံပြီးတော့ ရုံးဖွင့်လှစ်ဖို့ လုပ်ဆောင်နေဆဲပါ။ ပြီးတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၁၅ ဦးရဲ့စာရင်းကိုလည်း UEC မှာ တင်ထားတယ်။ ဗဟိုကော်မတီနဲ့ ပါတီအဖွဲ့သားကိုတော့ ပြည်နယ် UEC ကိုပဲ တင်ရမှာလေ။ ဒါကိုလည်း ပြင်ဆင်နေဆဲပဲ။ စာရင်းတော့ မတင်ရသေးဘူး။

အချို့ ကြာအင်းဆိပ်ကြီးဘက်က ပါတီအဖွဲ့သားတွေနဲ့ ကျနော်တို့ အဆက်သွယ် ပြတ်နေတယ်။ ဖုန်းလိုင်း အင်တာနက်မရတာလည်း ပါတယ်။ နောက်တခုက ကော့ကရိတ်ဘက်မှာဆို လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလည်း ကောက်မရတာအပြင် ကျနော်တို့အနေနဲ့လည်း လှုပ်ရှားရတာ ရွေးကောက်ပွဲ ပြင်ဆင် ဆောင်ရွက်တာနဲ့ ပတ်သတ်ပြီး ခက်ခဲတာတွေရှိတယ်။ အခြားစိန်ခေါ်မှုတွေလည်း အများကြီး ရှိတယ်ပေါ့။

မေး။ ။ လက်ရှိနိုင်ငံရေးဘောင်ကျဉ်းပြီး လက်နက်ကိုင်တိုက်ပွဲ ပိုကျယ်ပြန့်နေတဲ့ကာလမှာ မွန်တိုးတက်ရေးပါတီအနေနဲ့ ရှေ့ဆက်ဘယ်လို ရပ်တည်သွားမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုးစားပြင်ဆင်နေပေမဲ့လည်း သူ့ရဲ့အဓိက အချက်က အခုထိ မရှိသေးဘူး။ အဓိကအချက်က ဘာလဲဆိုတာ မရှိသေးတာတမျိုးရယ်၊ တရားဝင် မွန်နိုင်ငံရေး ပါတီ တည်ရှိရေး ၂၀၀၈ ဖွဲ့စည်းပုံကလည်း အတည်တကျ မရှိနေဘူး။ ကျုံ့နိုင်ဆန့်နိုင် ဖြစ်နေတယ်။ ဥပမာ အာဏာသိမ်းပြောပြော အာဏာထိမ်းတဲ့အဖွဲ့ပဲပြောပြော သူတို့ကကျနော်တို့သိတဲ့ ၆ လ သက်တမ်းတိုးတာက ၂ ခါပဲ လုပ်ခွင့်ရှိတယ်ပေါ့။ ဒါပေမဲ့ အခုက ဘယ်နှစ်ကြိမ် ရှိနေမှန်းလဲတောင် မသိတော့ဘူး။ ကန့်သတ်ချက်တောင် မရှိနေဘူး။

အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံက ခိုင်ခိုင်မာမာ မရှိနေဘူး။ လုပ်ချင်သလို လုပ်ခွင့်ရနေတဲ့ပုံ ဖြစ်နေတယ်။ ခိုင်ခိုင်ခံ့ခံ့ မရှိနေဘူးဆိုတော့ ဒီမိုကရေစီအရေးကလည်း နည်းမကျဘူးပေါ့။ အဲတော့ လက်နက်ကိုင် ရှင်းထုတ်နိုင်လား။ ရှင်းနိုင်ဖို့လည်း မသေချာတဲ့အခြေအနေမှာ မှတ်ပုံတင်နဲ့ တရားဝင်နည်းဥပဒေအရနဲ့ အဲဒါတွေကို ဝိုင်းဝန်းဖြေရှင်း သွားဖို့ပါ။ နောက်တခုက မွန်ပါတီတွေ မရှိတော့ဘူးဆိုရင် အခြားပါတီတွေ အစားထိုး ဝင်လာမှာပဲ။ အဲဒီခါကျရင် ကိုယ့်မွန်လူမျိုးတွေက အခြားဘက်ကို ပါသွားမယ်။ ရှင်းရှင်းပြောရရင် အခုကျနော်တို့ လှုပ်ရှားခဲ့တဲ့ ဘားအံဘက် မှာဆိုရင် အားလုံး ကရင်ပါတီတွေဘက်မှပဲ ရှိကြတော့တာ။ အဲ့ကြောင့် မွန်နိုင်ငံရေးက ဆက်လက် အသက်ဝင်ဖို့ကို ရပ်တည်သွားမှာပါ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here