အရေးပေါ်အကူအညီများလိုအပ်နေသည့် မတ္တရာမြို့စစ်ဘေးရှောင်ပြည်သူများကို ကူညီမှုပေးနေသည့် စစ်ရှောင်အရေးကူညီသူအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
မန္တလေးတိုင်း၊ မတ္တရာမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် နိုဝင်ဘာလကစတင်ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်များပူးပေါင်းပြီး အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြင်းထန်နေသည်။
မတ္တရာမြို့ပေါ်အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသော တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီတပ်က နိုဝင်ဘာလလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အပြင် တော်လှန်ရေးတပ်များ အားကောင်းရာ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများနဲ ပစ်ခတ်တိုက်ခိုက် တာကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။
ယင်းကဲ့သို့ တိုက်ပွဲများပြင်းထန်နေတာကြောင့် ဒေသခံစစ်ဘေးတိမ်းရှောင်ရသူ အရေအတွက်လည်း တိုးသထက် တိုးလာနေပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။ စစ်ဘေးရှောင်များ လိုအပ်နေသည့် ထောက်ပံ ကူညီရေးအခြေအနေများနှင့် ပတ်သက်ပြီး စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် မတ္တရာမြို့ခံ အမျိုးသားတစ်ဦး (လုံခြုံရေးအရ အမည်မဖော်လိုသူ) ကိုဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိမှာ မတ္တရာမြို့နယ် ဒေသတွင်းအခြေအနေက ဘယ်လိုဖြစ်နေပါလဲ။
ဖြေ။ ။ စစ်တပ်က ထိုးစစ်တွေဝင်နေတာ တစ်လကျော်နှစ်လနီးပါး ဖြစ်နေပြီ။ အနီးဆုံးတိုက်ပွဲကတော့ ပြီးခဲ့တဲ့ရက် (ဒီဇင်ဘာ ၁၉ ရက်) က ထန်းပင်ကုန်းရွာတိုက်ပွဲပေါ့။ အဲ့ဒီတိုက်ပွဲမှာတော့ စစ်အုပ်စုဘက်က အထိနာတယ်။ သေလည်း သေကြတာများတယ်။ သူတို့ဘက်က စစ်သုံ့ပန်းတွေနဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်တွေက ဖမ်းမိ၊ သိမ်းမိခဲ့တာတွေရှိတယ်။
အဲ့ဒီထန်းပင်ကုန်းရွာက မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ် အစပ်မှာရှိတယ်။ မန္တလေးနဲ့ဆို ၁၀ မိုင်ကျော်ပဲဝေးတော့ မန္တလေး – မတ္တရာကားလမ်းပေါ်က ရွာတွေနဲ့ ထိစပ်နေ တဲ့ နေရာလည်းဖြစ်တော့ အရေးပါတဲ့နေရာတခုထဲမှာ ပါတယ်လို့ပြောလို့ရတယ်။ အဲ့ဒါအထိနာလိုက်တော့ သူတို့ (စစ်အုပ်စု) ဘက်က အခု ပြန်ပြီးအားဖြည့်နေတယ်။ နှစ်ဘက်က တင်းမာနေတာမျိုးပေါ့။ ဒီနေ့မနက်ဆိုလည်း မတ္တရာမြို့ထဲ ဘောလုံးကွင်းထဲကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ အနောက်ဘက်ကို ၂ ချက် ပစ်လိုက်တာမျိုးကို ကြားရတယ်။ အဲ့လိုမျိုးဆိုတော့ ပြည်သူတွေလည်း မနေရဲဘူးပေါ့။
မေး။ ။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ပြည်သူအရေအတွက်ကရော ဘယ်လောက်ထိရှိလဲဆိုတာ သိထားပါလား။
ဖြေ။ ။ အဲ့ဒီ ၁၉ ရက်က တိုက်ပွဲအပြီး စစ်အုပ်စုဘက်က လေကြောင်းရောလက်နက်ကြီးနဲ့ပါ နှစ်ရက်ဆက်တိုက် ဗုံးကြဲတယ်၊ ပစ်တာကြောင့် အဲ့ဒီနားကရွာတွေက ပြည်သူတွေအကုန်လုံး ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ ရှေ့မှာလည်း သေတဲ့သူတွေရှိထားတော့ ၂၂ ရက်နေ့ကဆို အောင်ကန်သာရွာကိုကျတာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် သေတယ်။ သုံးယောက်ထိပြီး ဒဏ်ရာရတယ်။ ဒီနေ့လည်း ခုနကပြောသလို လက်နက်ကြီးနဲ့ မိုးလင်းကတည်းကစပစ်နေတော့ ဘယ်သူမှ မနေရဲကြဘူးလေ။
ထန်းပင်ကုန်း၊ ကျောက်တံတား၊ မြကံသာ အဲ့ဒီရွာတွေကရော အကုန်ပြေးရတယ်။ ဖြစ်နေတာကလည်း လချီပြီဆိုတော့ မတ္တရာ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ထဲကကျွန်းတွေအကုန်လုံးက ပြေးနေရတာက ရွာပေါင်း ၇၀ ကျော်လောက် ရှိတယ်။ လူနဲ့ဆို နေရပ်စွန့်ခွာထွက်ပြေးရသူက သုံးသောင်းကျော် လောက်ရှိနေပြီ။ ဘာလို့ဆို ရွာကြီးတွေများတာ ဆိုတော့ ရွာတွေက အိမ်ခြေတစ်ထောင်ကျော် နှစ်ထောင်ကျော် ရှိတဲ့ ရွာကြီးတွေကလည်းပါတော့ ပြေးရတဲ့သူလည်း သောင်းနဲ့ချီရှိနေတာ။ ပြေးရတဲ့ရွာရောလူရော တဖြည်းဖြည်းနဲ့လည်း ပိုများလာတာ။
မေး။ ။ စစ်ဘေးတိမ်းရှောင်နေရသူတွေများလာတော့ စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေတွေကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စားဝတ်နေရေးကတော့ ဆေးဝါးနဲ့ရိက္ခာတွေ လိုတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက် (စစ်အုပ်စု) က ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ဖြတ်ထားတော့ ဘာမှအဆက်အသွယ်လည်း မရဘူး။ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတော့ ပိုခက်ခဲသွားသလိုဖြစ်တာ။ စျေးတွေလည်းကြီးတာမျိုး၊ အခုက အေးလည်းအေးလာပြီဆိုတော့ ကလေးတွေရော သက်ကြီးတွေအတွက်က အနွေးထည်တွေ စောင်တွေက မဖြစ်မနေ လိုလာတာမျိုးပေါ့။ ရာသီအပြောင်းအလဲမှာ ဖျားနာကြတာလည်းရှိတော့ ဆေးဝါးလည်း လိုအပ်တာမျိုး ရှိပါတယ်။ နောက် အဓိကတော့ ဆန်က အဓိကလိုအပ်ပါတယ်။
မေး။ ။ ဒီလို စစ်ဘေးရှောင်တွေနဲ့ ဆေးဝါး၊ စားစရာလိုအပ်နေတာတွေကို သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေကရော ဆောင်ရွက်ပေးတာမျိုး ရှိပါလား။
ဖြေ။ ။ ပကဖ (ပြည်သူ့ကာာကွယ်ရေးအဖွဲ့) တွေ၊ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေကတော့ တာဝန်ယူ လုပ်ဆောင်ပေးနေတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် လူကများတော့ မနိုင်တာမျိုးတွေ ရှိတော့ ခွဲဝေလုပ်ကြ ရတာပေ့ါ။
မေး။ ။ စစ်အုပ်စုဘက်က စစ်ကြောင်းထိုးတဲ့အချိန် ရွာထဲကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာရော ရှိပါလား။ အရေအတွက်ရော သိရပါလား။
ဖြေ။ ။ ရှိတာပေါ့။ သူတို့က စစ်ကြောင်းထိုးရင် တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ရွာတွေဆို မီးရှို့ သွားတာပဲ။ အခုက အနောက်ခြမ်းက ဆင်ကုန်း၊ ပိုဝ(မြောက်)၊ မြွေပုသိမ်၊ မြွေဥဒိန်၊ ရှင်လှ အဲ့ဒီရွာတွေဆို အကြိမ်ကြိမ် မီးရှို့ခံရတာ။ တနေ့ထဲမှာ လေး,ငါး ခါလောက် မလောင်မချင်းကို အကြိမ်ကြိမ် ဆက်တိုက်ရှို့တာ။ အပျက်အစီးက များပေမယ့် အရေအတွက်ကတော့ မရေနိုင်သေးဘူး။
ဒါပေမယ့် ရွာကြီးတွေဆိုတော့ အိမ်ခြေက များတယ်ပေါ့နော်။ မီးခိုးလုံးတက်လာတဲ့ အခြေအနေကိုပဲကြည့်ပြီး ခန့်မှန်းနိုင်သေးတာ။ ဘာလို့ဆို စစ်ကြောင်းက ဆက်တိုက်ရှိနေတာ။ တိုက်ပွဲကလည်း ဆက်နေတာဆိုတော့လေ။ သပိတ်ကျင်းနဲ့ တွင်းငယ်မှာလည်း ရှို့တယ်။ ထိန်းချုပ်နေရာတွေကလည်း နှစ်ဖက်က သူသိမ်းလိုက် ကိုယ်သိမ်းလိုက် ဖြစ်နေတာဆိုတော့လေ။ မီးရှို့တာရော လေကြောင်းရော လက်နက်ကြီးရော တိုက်ပွဲရော တောက်လျောက်ဖြစ်နေတာပါပဲ။
ရှမ်းနီအသံ ပေးပို့သည်။