21 ဇန်နဝါရီ 2025 /

See today's Peace Related News

စစ်မှုထမ်းရန် ဥပဒေမဲ့ ဖမ်းဆီးနေမှုတို့ကြောင့် ဒေသခံလူငယ်များကြား နေထိုင်သွားလာရာတွင် လုံခြုံလွတ်လပ်မှု မရှိနေသည့်အပေါ် ဒေသအတွင်း မွန်လူငယ်တချို့၏ စကားသံစုစည်းမှု။

မွန်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည့် ရေးမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် စစ်ကောင်စီ၏ ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်သူတို့ကို စစ်မှုထမ်းခိုင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ပြောဆိုထားသည့်အပြင် မြေပြင်တွင်လည်း စစ်သင်တန်းသို့ ဖမ်းဆီးပို့ဆောင်မှုများရှိကြောင်း သိရသည်။

ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်း စတင်ခဲ့သည့်အချိန်က စစ်မှုထမ်းဆောင်မည့်သူတို့ကို ငွေကြေးမက်လုံးပေးနည်းဖြင့် ခေါ်ယူစုဆောင်းခဲ့သော်လည်း ယခုအခါ စစ်မှုထမ်း အပတ်စဉ် (၈) သင်တန်းသို့ ရောက်ရှိလာချိန်တွင် ဥပဒေမဲ့ဖမ်းဆီး၍ စစ်သင်တန်းအတွက် လူစုဆောင်းနေသည်ဟု ဒေသခံတို့က ပြောသည်။

ထို့အခြေအနေကြောင့် ရေးဒေသခံအများစုသည် ညနေ ၆ နာရီနောက်ပိုင်း နေဝင်မီးငြိမ်းပုံစံဖြင့် နေထိုင်သွားလာ နေရပြီး နေ့ဘက်ပိုင်းတွင်လည်း တစ်ရွာနှင့်တစ်ရွာသို့ ကူးလူးသွားလာရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့၏ ထောက်ခံစာဖြင့် သွားလာနေကြရသည်ဟု ပြောဆိုကြသည်။

လက်ရှိမြေပြင်၌ စစ်ကောင်စီတပ်က လူအတင်းအကြပ် ဖမ်းဆီးစုဆောင်းနေခြင်းက စစ်မှုထမ်းရန် သင်တန်းသို့ ပို့ဆောင်နေမှုအပြင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့၌ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့်လူအင်အား မရှိသလောက် ဖြစ်နေခြင်းကြောင့် စစ်ကောင်စီက လိုအပ်သလိုအသုံးပြုနိုင်ရန် အင်အားစုဆောင်းနေခြင်း ဖြစ်သည်ဟုယူဆကြောင်း လူ့အခွင့်အရေးချိုးဖောက်သူတို့ကြား ပြောဆိုလျှက်ရှိသည်။

ထိုသို့ စစ်မှုထမ်းရန် ဥပဒေမဲ့ဖမ်းဆီးနေမှုကြောင့် ဒေသခံလူငယ်တို့ကြား နေထိုင်သွားလာရာတွင် စိုးရိမ်နေရခြင်း၊ လုံခြုံမှုမရှိခြင်း သာမက ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်မရှိနေသည့်အပေါ် မွန်ဒေသအတွင်းရှိ မွန်လူငယ် တို့၏ စကားသံတချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ပုံစာ – မော်လမြိုင်မြို့အတွင်း ရဲတပ်ဖွဲ့တချို့ ကင်းလှည့်လည်စစ်ဆေးနေသည့်မြင်ကွင်း။

မုဒုံဒေသခံ လူငယ်တစ်ဦး

အခြေအနေတွေက အားလုံးသိတဲ့အတိုင်းပဲ သွားလာဖို့က မလုံခြုံဘူး။ လူငယ်တွေကို လမ်းမှာဖမ်းတယ်၊ စစ်မှုထမ်းခိုင်းတာပေါ့။ ဘယ်အချိန်မှာ ဘယ်လိုဖမ်းတာလဲဆိုတာ ပြောထားတာမရှိဘူးလေ၊ အသွားအလာ စိုးရိမ်းရတာပေါ့၊ မိဘတွေလည်း မလွှတ်တော့ဘူး။ ဘယ်နေရာပဲသွားသွား ပတ်ဝန်းကျင်တိုင်းက ကိုယ့်အတွက် အန္တရယ်ရှိနေတယ်လို့ ခံစားရတယ်။ ကိုယ့်နိုင်ငံကလူကြီးတွေပဲ ကိုယ့်ကိုဒီလိုခံစားရအောင်လုပ်နေတာ။ ကူညီမဲ့ သလို ခံစားရတယ်ပေါ့။ ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ ခက်သွားတယ်။ မိဘတွေလဲ support မပေးနိုင်တော့ဘူး၊ စစ်မှုထမ်းဥပဒေကိုပဲ ကျော်ဖြတ်နိုင်မလား၊ ပါသွားမလာဆိုတာ ကြောက်နေကြတယ်။ ငယ်ငယ်တုန်းက လူကြီး ဖြစ်ချင်တယ်ပေါ့၊ အိမ်ကလွှတ်ဖို့ လွတ်လွတ်လပ်လပ်သွားချင်တာပေါ့။ ကြီးလာတော့ ဒီခြေနေရောက်သွားတော့ လွတ်လွတ်လပ်လပ်ဆိုတာ မရှိတော့ဘူး၊ ‌အဲဒီအစား ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ ရလာတယ်။

လူငယ်ဆိုတာ လုပ်ချင်တဲ့အရာတွေ အများကြီးရှိတယ်။ သွားမယ်ပျော်မယ် အဲလိုပေါ့။ အခုက လူငယ် တစ်ယောက်ရဲ့ အခွင့်အရေးကို အများကြီး လျှော့ချလိုက်တာ ၊သတ်မှတ်လိုက်တာပါပဲ၊ မမျှတဘူးလို့ ခံစားရတယ်။ လူမှုကွန်ရက်ပေါ်မှာ လူတိုင်းမြင်နေကြပဲ မဟုတ်လား။ အခြားနိုင်ငံက လူငယ်တွေနေထိုင်ပုံ အသွားအလာ လွတ်လပ်မှုအပြည့် ရှိတယ်။ ယှဉ်ကြည့်လိုက်ရင် ပိုခံစားရတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ အကယ်လို့ လူငယ်တစ်ယောက်ကို စကစတွေက ဖမ်းဆီးသွားပြီးဆိုရင် အဲတစ်ယောက်ရဲ့အချက်လက်တွေ လုံးဝ ပျောက်သွားတယ်။ ဘာဖြစ်သွားလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ ဖမ်းခံရပြီးဆိုရင် ဖြေရှင်းဖို့ နည်းလမ်း မရှိသလောက်ပါပဲ။ အဖမ်းမခံရခင် ကြိုတင် သတိထားပြင်ဆင်ရတာ‌ပေါ့။ အလုပ်မသွားခင်အချိန်တွေမှာ သေချာ စုံစမ်းရတာ ဘယ်နေရာဘာဖြစ်နေလဲဆိုတာ။

ရေးဒေသခံ လူငယ်အမျိုးသမီးတစ်ဦး

ဒီလိုမျိုးဥပဒေမဲ့အကြောင်းပြချက်မရှိ ဖမ်းဆီးနေ‌တာ၊ ပေါ်တာလိုက်ဆွဲနေတာကြောင့်မို့ အိမ်ပြန်နောက်ကျလေ အန္တရာယ်များလေပဲ။ ပြီးတော့ ညဘက်ဆိုလဲ သူတို့စစ်ဆေးမှုတွေလုပ်နေတယ်။ ကိုယ့်ဖုန်းကိုလဲ သူတို့စစ်တယ်၊ တကယ်လို့ ကိုယ့်ဖုန်းမှာ အလုပ်နဲ့ပတ်သက်တာ သူတို့တွေ့သွားမယ်ဆိုရင် ကိုယ့်အလုပ်က ဥပဒေမဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့သူတို့က ကိုယ်ကိုဖမ်းချင်ရင်တော့ အဲအလုပ်က ဥပဒေမဲ့တဲ့ အလုပ်အဖြစ်နဲ့ အကြောင်းပြချက် ရှာပြီးဖမ်းလိုက်မှာလဲ စိုးရိမ်နေရတယ်။ စစ်မှုထမ်းရမှာလဲ ကြောက်ရတယ်။ ကိုယ်လုံခြုံရေးအတွက်လဲ ကြောက်ရ တယ်။ သူခိုးတွေလဲများပြီး ကြောက်ရတာပေါ့၊

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လွတ်လပ်လပ်ဆိုတာ ဘာမှ မရှိခဲ့ဘူး။ ကိုယ်လုပ်ချင်တာ မလုပ်ရဘူး။ ကိုယ်အနာဂတ်တောင် ရှာလို့မတွေ့ဘူး လမ်းပျောက်နေတုန်းပဲ။ နောက်ပြီး ကိုယ်လုပ်နေတဲ့ အလုပ်အကုန်လုံးကို သူတို့ (စကစ) လိုက်ကြည့်နေသလို ဖြစ်နေတော့ ဘယ်လို အဆင်ပြေမလဲ။ လူငယ်ပဲ လူငယ်လိုမနေရတာ ခံစားရခက်တာပေါ့။ ဒီအတောအတွင်းမှာဆိုရင် လူပျောက်တာ လည်းများနေတော့ ဖြစ်နိုင်ရင် GPS တောင် တပ်ထားစေချင်တယ်။ ဆိုင်ကယ်၊ ဖုန်း၊ ကိုယ်အိမ့်ကဖုန်းတွေ၊ ‌ပြီးတော့ ညဘက်ဆို ဖြစ်နိုင်ရင် အပြင်မထွက် နဲ့ပေါ့။ ထွက်ရင်တောင် လူသိပ်မရှိတဲနေရာတွေ မသွားနဲ့ သိထားရတယ်။

မော်လမြိုင်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦး

အကြောက်ဆုံးက စစ်မှုထမ်းပဲလေ၊ အဖမ်းခံရရင် ဘာမှလုပ်လို့မရတော့ဘူး၊ ကိုယ်ရဲ့ရည်မှန်းချက်က အကုန် အမှောင်ကျသွားပြီ။ လူငယ်ဆိုတာ သွားမယ်လာမယ် အတွေ့ကြုံသစ်တွေယူမယ် အဲလိုပေါ့။ သွားလာခွင့် လွတ်လွတ်လပ်လပ်မရှိတော့ အတွေ့ကြုံနည်းတယ်၊ ခံစားရခက်တယ်။ လူငယ်တစ်ယောက်အနေနဲ့ သွားပြီဆိုရင်လဲ ထောက်ခံစာတွေ ဘာညာယူရသေးတယ်။ ဝေးဝေးသွားလာမဲ့အစား နီးနီးပဲသွားလာကြရတယ်။

သူတို့ဖမ်းသွားပြီးဆိုရင်လဲ ဘာမှလုပ်လို့မရဘူး။ ဘယ်အချိန် ဖမ်းမယ်ဆိုတာလဲ မသိဘူးဆိုတော့ သတိထား နိုင်သလောက်တော့ သတိထားရတယ်။ တကယ်လို့ စစ်ကောင်စီအတွက်စစ်မှုထမ်းရမဲ့တူတူ ကိုယ့်မွန်ဘက်က တပ်သားတစ်ယောက်ပဲ ဖြစ်ချင်တာပေါ့။ မွန်ဘက်ကလဲ အချိန်မရွေး သွားလို့ရတာပဲ။ အခုမြင်တွေ့နေရတာ လူငယ်တော်တော်များများက ဘာမှမလုပ်ချင်ကြတော့ဘူး။

သံဖြူဇရပ်ဒေသခံ လူငယ်တစ်ဦး

အဓိကက ဖုန်းကိုပဲ သတိထားရတာပေါ့။ ဖုန်းမှာ သူတို့ (စကစ) တွေ့သွားတဲ့ဟာက ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ဒီပြသနာကို ကြီးအောင်လုပ်လိုက်တာ။ ကိုယ်ကအဖွဲ့တစ်ခုခုနဲ့ လုပ်ထားတာတွေ့ရင် သူတို့စွပ်စွဲတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုပြီးတော့ ကြုံဖူးတယ်။ ကိုယ့်သူငယ်ချင်းက သီချင်းဆိုထားတဲ့ပုံကို သူတို့က တော်လှန်ရေးနဲ့ပတ်သက်တယ် ဘာညာဆိုပြီးတော့ စွပ်စွဲတယ်။ သီချင်းဆိုနေတဲ့ပုံကို သူတို့အထင် မျိုးချစ်စိတ်တွေ ရှိနေလို့တဲ့၊ လူမျိုးရေးနဲ့ပတ်သက်တာ ဘာမှမထားရင်အကောင်းဆုံးပဲ။ လူငယ်တွေကြားမှာတော့ လူငယ်တွေက သူတို့အတွက်ကိုစိတ်မပူဘဲနဲ့ သူတို့ရဲ့မိသားစုကို စိုးရိမ်ကြတာများတယ်။ ဥပမာ သူက စစ်မှု မထမ်းဘူး၊ သူရှောင်လိုက်မယ် တော်လှန်ရေးဘက်မှာဝင်နေတယ်ဆိုရင် အိမ်မှာကျန်နေတဲ့မိသားစုတွေ ခက်ခဲသွားမှာ ကြောက်နေကြတယ်။ စစ်မှုထမ်းကိုရှောင်မယ်ဆိုရင် နှစ်လမ်းပဲရှိတယ်။ ပြည်ပထွက်မယ် မဟုတ်ရင် တော်လှန်ရေးမှာဝင်မယ်။

လူငယ်တွေက သူတို့အသက်ကို ဆုံးရှုံးရမှာ မကြောက်ဘူး။ သူတို့ မိသားစုအတွက်ပဲ ပူပန်ကြတာ။ ဘယ်သူ့ကိုမှလဲ ယုံလိုမရတော့ဘူး။ မွန်ညီညွှတ်‌ရေးပါတီလည်း မွန်လူမျိုး အတွက် လှုပ်ရှားတာမ‌တွေ့ရဘူး။ မွန်ပြည်သစ်ပါတီလဲ အဲလိုပဲ။ ဒါပေမဲ့ သူတို့ပါတီအဖွဲ့ဝင်တွေကိုတော့ သူတို့ဝန်းရံနေကြတာ တွေ့တယ်ပေါ့နော်။ ရိုးရိုးဒေသခံတွေ လူငယ်တွေပဲ ဘာမှမလုပ်ပေးကြဘူး။ အမှုတခုခု ဖြစ်ရင် ပါသွားမှာကြောက်နေကြလို့ ဘယ်သူမှမလိုက်ကြဘူး။ ရွာက ဥက္ကဌ၊ အုပ်ချုပ်ရေးမှုး ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့နော် မလိုက်ရဲကြဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရင် ဘယ်သူမှ မလှုပ်ရှားချင်ဘူး။ မဖြစ်မနေ သူနဲ့ ပတ်သက်လို့ပဲ လိုက်နေကြတယ်ပေါ့။ ဖြစ်နိုင်ရင် လူငယ်တွေ နိုင်ငံရေးနဲ့ ပတ်သက်ရင် online ပေါ်မှာ ဘာမှမတင်စေချင်ဘူး။ တကယ်လို ကိုယ်လုပ်ခဲ့ရင်တောင် ညဏ်သုံးပြီးတော့ လုပ်စေချင်တယ်ပေါ့။ နောက်ထပ် တိုက်တွန်းချင်တာ ဖြစ်နိုင်ရင် အဝေးကို မထွက်သွား စေချင်ဘူး။ ညအိပ်ခရီးတွေ မသွားစေချင်ဘူးပေါ့နော့်။ ဘာလိုလဲဆိုတော့ တစ်ခုခုဖြစ်လာရင် အိမ်ပြန်မီဖို့ မိသားစုနဲ့ တစုတည်းဖြစ်နေဖို့ တိုက်ပွဲဆိုလည်း ကိုယ့်ရဲ့ကျောတဘက်ခြမ်းမှာပဲ ရှိနေတယ်။

IMNA ပေးပို့သည်။

တနင်္သာရီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တနင်္သာရီ - မောတောင်လမ်းပိုင်း၌ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု များလာသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။တနင်္သာရီ - မောတောင်လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက်...

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်

ကချင်ပြည် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေပြီး မြို့ကိုရရှိသည်အထိ တိုက်ခိုက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။KIA နှင့် ပူးပေါင်းတပ်တို့က ဗန်းမော်မြို့ရှိ ခလရ ၄၇၊ စကခ (၂၁) တပ်များအပါအဝင် စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏...

ရှမ်းမြောက်၊ ဝိန်းဆိုင်ကျေးရွာတွင် တပ်ချရန်ပြင်ဆင်နေသည့် ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်နေ

ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်တွင်ရှိသည့် အများပိုင် ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချရန် ပြင်ဆင်လာသည်ကို ဒေသခံပြည်သူတို့က ကန့်ကွက်နေကြောင်း သိရသည်။ကိုးကန့် MNDAA တပ်ဖွဲ့က မုံးပေါ်ကနေ ရောက်ရှိလာပြီး ဝိန်းဆိုင်ရွာတွင် MNDAA ရုံးစိုက်ရန်အတွက် ဝိန်းဆိုင်...