ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ပြီးနောက် ဗြိတိန်အစိုးရ၏ အရေးယူဆောင်ရွက်မှု အစီအစဉ်များကို အခြားနိုင်ငံများအနေဖြင့်လည်း ထိုသို့လိုက်ပါလုပ်ဆောင်ကြရန် ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (BROUK) တိုက်တွန်းလိုက်သည်။
နိုဝင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ဗြိတိန်အစိုးရ၏ ဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း BROUK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ICJ အမှုတွင် ပံ့ပိုးပါဝင်ခဲ့သည့် နိုင်ငံများအပါအဝင် အခြားအစိုးရများအနေဖြင့်လည်း စီရင်ချက်၏ လေးနက်မှုနှင့် ကိုက်ညီသည့် လုပ်ဆောင်ချက်များဖြင့် ဗြိတိန်၏ ဦးဆောင်မှုနောက် လိုက်ပါဆောင်ရွက်ရန် BROUK က တိုက်တွန်းထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန့်က နိုဝင်ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ထောက်ပံ့မှုကို ကန့်သတ်မည့် ဥပဒေပြဋ္ဌာန်းရန် စီစဉ်ခြင်း၊ မြန်မာစစ်အုပ်စု တပ်ဘက်အရာရှိ ၅ ဦးကို ပိတ်ဆို့အရေးယူခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့ပြင် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေးအတွက် ပေါင် ၃ သန်း ပံ့ပိုးခြင်း၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အတွက် ထောက်ပံ့မှုကို နှစ်ဆတိုးမြှင့်ခြင်းနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာနှင့် အခြားလူမှုအသိုက်အဝန်းများအတွက် လူသားချင်းစာနာမှု အကူအညီ နောက်ထပ် ပေါင် ၅ သန်း ပေးအပ်ခြင်းတို့ကို ကြေညာခဲ့သည်။
“ဗြိတိန်နိုင်ငံဟာ ရိုဟင်ဂျာတွေ လိုအပ်နေတဲ့ နိုင်ငံတကာ ဦးဆောင်မှုကို ပြသနေပါတယ်။ ဒါတွေဟာ ICJ စီရင်ချက်ကို လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲရာမှာ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အသံတွေကို တိုက်ရိုက်နားထောင်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါဟာ စီရင်ချက်အပေါ် တကြိမ်တည်း တုံ့ပြန်မှုမျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် လုပ်ဆောင်ချက်တွေရဲ့ အစပဲ ဖြစ်ရပါမယ်” ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောကြားခဲ့သည်။
ထို့ပြင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန်လည်း ဗြိတိန်က တောင်းဆိုထားသည်။
အဆိုပါ လုပ်ဆောင်ချက်များသည် ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆီသို့ ဦးတည်သည့် အရေးကြီးသော ခြေလှမ်းများဖြစ်ကြောင်း BROUK က ထုတ်ပြန်ထားပြီး ယခုကြေညာချက်များနောက်တွင် ICJ စီရင်ချက်ကို အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ် လုပ်ဆောင်မှုများ ဆက်လက်ပါရှိစေရန်လည်း တိုက်တွန်းထားသည်။
မြန်မာစစ်အုပ်စုတပ်၏ လက်နက်နှင့် ဝင်ငွေရရှိမှုကို ဖြတ်တောက်ရန် ညှိနှိုင်းပူးပေါင်းထားသည့် ပိတ်ဆို့အရေးယူမှုများနှင့်အတူ လေယာဉ်ဆီ ကန့်သတ်ချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လိုအပ် သည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်တွင် BROUK ဥက္ကဋ္ဌ ဦးထွန်းခင်သည် ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန့်နှင့် တွေ့ဆုံ၍ တရားမျှတမှုနှင့် ICJ စီရင်ချက် အကောင်အထည်ဖော်မှုတို့ကို ဆွေးနွေးခဲ့ပြီး လွှတ်တော်ထုတ်ပြန်ချက်အပြီး မေးခွန်းများ ဖြေကြားစဉ်တွင် မီလီဘန့်က ဦးထွန်းခင်နှင့် ၎င်း၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြုပြောကြားခဲ့သည်။
မဇ္ဈိမ