ရွာငံ အလယ်ချောင်ရွာတွင် မိသားစု သုံးဦး ဖမ်းဆီးခံရပြီး အဆက်သွယ်မရဘဲ ဖြစ်နေ

By MPM 25 နိုဝင်ဘာ, 2026 👁 41

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် မိသားစု သုံးဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားကာ ယနေ့အထိ အဆက်သွယ်မရသေးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်ညတွင် အလယ်ချောင်‌ကျေးရွာနေ လသားအရွယ် ကလေးတဉီးအပါအဝင် အသက် (၃၀) ကျော် အမျိုးသားနှင့် အမျိုးသမီးတဉီးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ အဆက်သွယ်မရသေးကြောင်း သိရသည်။

“လသားအရွယ် ကလေးပါ ဖမ်းသွားတာ၊ မိသားစုသုံးဦးလုံးပေါ့ ညအချိန်လာဖမ်းတာ၊ ဘာလို့ ဖမ်းတာလဲ မသိဘူး။ သူတို့က ဘာမှမလုပ်ဘူး။ တခုခု သတင်းပေးခံရလို့လား ဘာလားမသိဘူး၊ ဒီနေ့အထိတော့ အဆက်သွယ်မရသေးဘူး” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတဉီးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မိသားစုဝင် သုံးဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိသောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ၎င်းတို့၏ထင်မြင်ချက်ကို ပြောဆိုနေကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ် တောင်ဘက်ဒေသများတွင် စစ်တပ်မှ စစ်ကြောင်းထိုးမှုများအပြင် ရှောင်တခင်စစ်ဆေးမှုများလုပ်ဆောင်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

သျှမ်းသံတော်ဆင့်