ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခများပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က စစ်ဘေးရှောင်စခန်းများကို နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦးထိ ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသူမျးမှာ အရေးပေါ်ဆေးကုမှုခံယူနေရပြီ ငွေကြေးနှင့် အခြားအကူအညီ များလိုအပ်နေကြောင်း ပြောဆိုကြသည်။
“လက်ရှိမှာ ပုဏ္ဏားကျွန်းက ဆေးကုသမှုခံယူနေကြတဲ့ စစ်ရှောင်တစ်ယောက်တစ်လေမှာဆိုရင် ငွေတစ်ပြားလည်းမပါတဲ့ လူတွေလည်း ရှိပါတယ်။ ပါတဲ့သူတွေဆီက ငွေတွေကို ငိုယိုပြီး ချေးငှား ကုသနေကြရပါတယ်။ စစ်ရှောင်တွေက နေ့စားအလုပ်သမားတွေများတော့ ဆေးကုစရိတ်တွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် ဒေါ်စံမြအေးက DMG ကို ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်၌ ကုန်းဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ဒဏ်ရာရ စစ်ဘေးရှောင်များသည် ဆေးကုသ စရိတ်များအပါအဝင် သွားလာရေးစရိတ်များတွင် အခက်အခဲများစွာ ရှိနေကြသည်။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် ရခိုင်ပြည်တွင် စစ်ဘေးရှောင်များသည် ဟင်းသီး ဟင်းရွက်ရောင်းခြင်း၊ ဆိုင်ကယ် ကယ်ရီဆွဲခြင်း၊ တောင်ပေါ်တက်ပြီး ထင်းခုတ်ခြင်းစသည့် ကြုံရာကျပန်းလုပ်ကိုင်ကြပြီး အသက်ရှင်သန်းရေးအတွက် ရုန်းကန်နေကြသည်။
ရခိုင်မျိုးချစ် လူငယ်ဖောင်ဒေးရှင်း ဥက္ကဌ ကိုမျိုးချစ်က “လက်ရှိမှာတော့ စစ်ရှောင်ဒဏ်ရာရလူနာတွေ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသစရိတ်တွေ အရေးတကြီးလို အပ်နေပါတယ်။ စစ်ဘေးရှောင်တွေက အလုပ် အကိုင် အခွင့်အလမ်းလည်း မရှိဆိုတော့ ပိုပြီး အခက်အခဲဖြစ်ကြတယ်။ ဆေးကုသမှုခံယူနေကြတဲ့ မိသားစုတွေမှာဆိုရင်လည်း သေဆုံးခဲ့တဲ့ထဲမှာ ပါသွားတဲ့ လူတွေရှိတယ်။ ဆေးကုသနေတဲ့ စစ်ရှောင်တွေ မိသားစုမရှိတာ၊ ငွေကြေးမရှိတာကြောင့် သေဆုံးခဲ့ရတဲ့ လူနာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒဏ်ရာရစစ်ရှောင်များအတွက် စေတနာရှင်တွေအနေနဲ့ အရေးပေါ်အကူအညီတွေ ပေးစေချင်ပါတယ်” ဟု ဆိုသည်။
ထို့အတူ ဆေးရုံးဆေးခန်းများတွင် လူနာစောင့် စစ်ဘေးရှောင်များသည် ငွေကြေးမရှိခြင်းများကြောင့် ထမင်းငတ်သည့် နေ့ရက်များနှင့်လည်း ကြုံတွေ့နေရကြောင်း လူမှုကူညီရေး လုပ်ကိုင်နေသူများက ဆိုကြသည်။
စစ်အုပ်စုသည် ရခိုင်ပြည်တွင်းရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားနေထိုင်ရာနေရာများကိုလည်း လေကြောင်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် ရခိုင်ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုများကို ရင်ဆိုင်နေကြရသည်။
DMG