မြန်မာနိုင်ငံတွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် နေ့စဉ် သေဆုံး၊ ဒဏ်ရာရသူ ၅ ဦးအထိ ရှိနေ

By MPM 25 နိုဝင်ဘာ, 2026 👁 44

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း မြေမြှုပ်မိုင်းကြောင့် နေ့စဉ် လူ ၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရနေကြောင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် စောင့်ကြည့်ရေးအဖွဲ့ (Landmine Monitor) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

လူသတ်နိုင်သည့် မြေမြှုပ်မိုင်းများ တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) နှင့် Landmine Monitor 2026 တို့၏ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက် အစီရင်ခံစာတွင် ဖော်ပြခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် လူ ၁,၈၉၁ ဦး သေဆုံး ဒဏ်ရာရခဲ့ပြီး ကမ္ဘာပေါ်တွင် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နေကြောင်း ၂၀၂၆ Landmine Monitor အစီရင်ခံစာ၌ ဖော်ပြသည်။

ယင်းအရေအတွက်သည် တစ်ရက်လျှင် ပျမ်းမျှ လူငါးဦးကျော်နှုန်းဖြင့် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ မြို့နယ်များ၏ သုံးပုံနှစ်ပုံနီးပါးတွင် မိုင်းအန္တရာယ်ရှိနေပြီး စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင်မူ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် လူ ၆,၉၂၉ ဦး သေဆုံး ဒဏ်ရာရခဲ့ပြီး ယင်းအနက် အရပ်သား ၈၄ ရာခိုင်နှုန်း ပါဝင်သည်။

အရပ်သားထိခိုက်သေဆုံးမှုများထဲတွင် ကလေးငယ်များမှာ ထက်ဝက်ခန့်ရှိပြီး မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ကလေးငယ်များ အန္တရာယ်ကြုံတွေ့နေရသည့် အခြေအနေကိုလည်း အစီရင်ခံစာက အလေးပေး ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်းမှာ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ငါးနှစ်အတွင်း အများဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

“မြန်မာနိုင်ငံဟာ အကျပ်အတည်း အဆင့်ကို ကျော်လွန်ပြီး ဘေးဒုက္ခဆိုးကြီး အဆင့်ကို ရောက်ရှိနေတာပါ။ မြေမြှုပ်မိုင်း သားကောင် အများဆုံး နိုင်ငံ ဆိုတဲ့ ဂုဏ်သိက္ခာမဲ့ ဘွဲ့ထူးကိုလည်း သုံးနှစ်ဆက်တိုက် ရယူသွားခဲ့ပါပြီ” ဟု Landmine Monitor 2026 အစီရင်ခံစာကို ပူးတွဲရေးသားသူ ယက်ရှူအာ မိုဆာ-ပွမ်ဆူဝမ် (Yeshua Moser-Puangsuwan) က ပြောသည်။

ယင်းအပြင် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှု အများဆုံးမှာ မြန်မာနိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၌လည်း မြေမြှုပ်မိုင်း အန္တရာယ် ရှိနေဆဲဖြစ်ကြောင်း Landmine Monitor 2026 က ဆိုသည်။

DMG