မြိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါ သားအမိ ၂ ဦးသေဆုံး၊ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများရှိ

By MPM 14 နိုဝင်ဘာ, 2026 👁 138

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်အစပ်၊ တဲကြီးရွာအနီး ရေနံမှော်ဒေသသို့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦးနှင့် ၎င်း၏ မိခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်ထံက သိရသည်။

ထိုနေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဖြစ်ပွားခဲ့သည့် ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသွားသည့် မိခင် (အသက် ၃၀) ဖြစ်သူမှာလည်း ညပိုင်းတွင် ထပ်မံသေဆုံးသွားကြောင်း သိရသည်။

မကွေးရှိ စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အလားတူ တွင်းမရွာအနီးရှိ ကျေးရွာတခုကိုလည်း Mi-35၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

“အခုကို ဆူဆိုက်လာနေတာ။ မြိုင်ဘက်ကတော့ ၁၀၁ ကနေ ဆူဆိုက် (suicide ဒရုန်း) က ညတိုင်းကို နှစ်စီး၊ သုံးစီးလာနေတာ။ ဒီကောင်တွေက သူတို့ နည်းနည်း စစ်ရေးအခြေအနေနိမ့်တော့ ရည်ရွယ်ချက်ရှိရှိကို အရပ်သားပြည်သူတွေ အကြောက်တရားဝင်အောင် ညကြီးအချိန်မတော် ပြည်သူတွေကို ဒုက္ခပေးနေတာ” မြိုင်မြို့နယ် ပကဖ တာဝန်ခံက မဇ္ဈိမကိုပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့၊ ည ၉ နာရီအချိန်ကလည်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတခုအတွင်း ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ လွှတ်တင်သည့် suicide ဒရုန်းတစီး ကျရောက်ပေါက်ကွဲ၍ အသက်ခုနစ်နှစ်အရွယ် နှစ်တန်းကျောင်းသားတဦး သေဆုံးခဲ့သေးသည်။

မြိုင်မြို့နယ် ပကဖက စစ်အုပ်စုတပ်က အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများဖြင့် နေ့စဥ် တိုက်ခိုက်နေ၍ ကလေးငယ်များအပါအဝင် ထိခိုက်သေဆုံးမှုများရှိနေကြောင်း မြိုင်မြို့နယ် ပကဖက ထုတ်ပြန်ထားသည်။
ထိခိုက်သေဆုံးရမှုများအတွက် စိတ်မကောင်းဖြစ်ရပြီး ၎င်းတို့အနေဖြင့် စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကျေးရွာပေါင်း ၂၀ ထက်မနည်းက အရပ်သားထောင်ချီ ဘေးလွတ်ရာများတွင် တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

မဇ္ဈိမ