အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့တွင် လေယာဥ်အမျိုးအစား ၈ မျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခဲ့ပြီး ၇၅ ရာခိုင်နူန်းကျော်မှာ အရပ်သားပစ်မှတ်များဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သည်။
MDSI ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက လေကြောင်းတိုက်ခိုက်မှုများတွင် ဂျက်တိုက်လေယာဥ်များကို အဓိကအသုံးပြုထားပြီး လေကြောင်းဗျူဟာ လိုအပ်ချက်အလိုက် Mi-35၊ Y-12၊ Gyrocopter နှင့် အသေခံဒရုန်း (Kamikaze Drone) များကို အလွှာစုံပေါင်းစပ် အသုံးပြုခဲ့ကြောင်းဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၁၆၁ ခုနှင့် တိုက်ခိုက်မှုအကြိမ်ရေ ၃၄၇ ကြိမ်ရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။
ယင်းအပြင် FTC-2000G ဖြင့် ၂၉ ကြိမ်၊ Yak-130 ဖြင့် ၁၁ ကြိမ်၊ K- 8 ဖြင့် ၆ ကြိမ်၊ MiG-29 ဖြင့် ၃ ကြိမ်၊ JF-17-ဖြင့် ၁ ကြိမ်၊A-5 ဖြင့် ၁ ကြိမ်၊ အမည်မသိသော ဂျက်တိုက်လေယာဉ်ဖြင့် ၄၁ ကြိမ်၊Y-12၊ Mi-35 ၊Para၊ Gyro ၊Drone တို့ဖြင့် ၆၅ ကြိမ် အထိရှိကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ရှမ်းတဲလေတပ်စခန်း၊ တံတားဦးလေတပ်စခန်း၊ မကွေး လေတပ်စခန်း၊ နေပြည်တော် လေတပ်စခန်းတို့ကို အဓိက အသုံးပြုခဲ့ကြောင်းဖော်ပြထားသည်။
ယင်းအပြင် စစ်ဆင်ရေး ကျယ်ပြန့်ပြင်းထန်မှုအပေါ် မူတည်ပြီး နေရာဒေသအလိုက် လေကြောင်းတိုက်ခိုက်နိုင်ရန်အတွက် စစ်လေယာဉ်၊ လေယာဉ်ဆီ၊ လက်နက်/ခဲယမ်းများကို အချိန်နှင့် တစ်ပြေးညီ ရွှေ့ပြောင်းခြင်းနှင့် ဖြည့်ဆည်းခြင်းများအား လေတပ်စခန်းအားလုံးတွင် ပြုလုပ်လာနိုင်ကြောင်းလည်း ပြောဆိုထားသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာတစ်လအတွင်း အရပ်သား ၁၄၅ ဦး သေဆုံးပြီး၊ ၃၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် လေကြောင်းတိုက်ခိုက်ခံရမှုနှင့် အရပ်သားထိခိုက်သေဆုံးမှု အမြင့်မားဆုံး ဒေသများဖြစ်ကြသည်။
တိုက်ပွဲအရှိန် မြင့်တက်နေသည့် ရခိုင်ပြည်၊ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း တို့တွင် အရပ်ဘက်ဆိုင်ရာများကို ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်များပြားနိုင် ကြောင်း လည်း MDSI က ထောက်ပြထားသည်။
ယင်းအပြင် အရေးပေါ် လေကြောင်းရန် ကြိုတင်သတိပေးစနစ်များ ပိုမိုထိရောက်စွာ ပြင်ဆင်ဆောင်ရွက်ရန်နှင့် အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် လိုအပ်ပြီး အထူးသဖြင့် ကုန်စည်ကူးသန်းရာ နေရာများ၊ ဆေးရုံ ဆေးပေးခန်းများ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံ နေရာများတွင် လေကြောင်းစောင့်ကြည့် သတိပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် အကြံပြုတိုက်တွန်းထားသည်။
DMG