ဂျာမနီသံရုံး ယာယီတာဝန်ခံအား နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေး

By MPM 11 နိုဝင်ဘာ, 2026 👁 204

မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိပါက တားမြစ်မည်မဟုတ်ကြောင်း ဂျာမနီသံရုံး ယာယီတာဝန်ခံအား နေပြည်တော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်တွင် ခေါ်ယူသတိပေးလိုက်ပြီး၊ ၎င်း၏ ပြုမူပြောဆိုချက်များသည် ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ဖောက်ဖျက်ရာရောက်သည်ဟု ကန့်ကွက်ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ်လေရှာ့စ်အား နေပြည်တော်သို့ ခေါ်ယူကာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကန့်ကွက်သတိထောက်လွှာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမြင့်၏ ၇၅ နှစ်ပြည့်မွေးနေ့ဖြစ်သော နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နေအိမ်တအိမ်ရှေ့ ၌ ရိုက်ကူးထုတ်လွှင့်ခဲ့သည့် အဆိုပါဗီဒီယိုဖိုင်တွင် ပြီးခဲ့သည့် ဧပြီလက လွတ်မြောက်လာသည်ဟုဆိုသော်လည်း ခြောက်လကျော်ကြာသည့်တိုင် တွေ့ဆုံခွင့်မရသေးသဖြင့် ဦးဝင်းမြင့်မှာ အမှန်တကယ် လွတ်လပ်ခွင့်မရသေးကြောင်း ယာယီတာဝန်ခံက ထောက်ပြပြောဆိုခဲ့သည်။

“ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့ အခုချိန်အထိ ကျွန်တော် တွေ့ဖို့ ခွင့်ပြုချက်မရသေးပါဘူး။ ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တခုပဲရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး” ဟု မာသီးရက်စ် လေရှာ့စ်က ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂက တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်သည့် ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

သံရုံးယာယီတာဝန်ခံ၏ ပြောကြားချက်များသည် “နိုင်ငံတော်အကြီးအကဲ” ကို တိုက်ရိုက်စော်ကားရာရောက်ပြီး ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်ခြင်းဖြစ်သည်ဟုလည်း စစ်အုပ်စုက စွပ်စွဲပြောဆိုခဲ့သည်။

ထို့ပြင် ယာယီတာဝန်ခံအနေဖြင့် လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိဘဲ ဆက်လက်တာဝန်မထမ်းဆောင်လိုပါက တားမြစ်မည်မဟုတ်ကြောင်းနှင့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) ပါ သံတမန်များအနေဖြင့် အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုသည့်အချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

သမ္မတဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်၌ သမ္မတနေအိမ်တော်တွင် စစ်ဗိုလ်ချုပ်များက လာရောက်ဖမ်းဆီးခဲ့ပြီး အမှု ရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။

၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နေအိမ်တခုတွင် မိသားစုဖြင့် နေထိုင်လျက်ရှိသည်။

သို့သော် နေအိမ်အနီးတဝိုက်တွင် အရပ်ဝတ်လုံခြုံရေးများဖြင့် စောင့်ကြည့်လျက်ရှိပြီး အလွယ်တကူ တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

မဇ္ဈိမ