ဦးဆောင်မှုမှန်ကန်ပြီး ပြည်သူစုစည်းပါက နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်နိုင်ဟု ဒေါ်ဇင်မာအောင်ဆို

By MPM 12 နိုဝင်ဘာ, 2026 👁 144

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ ၊ ဘူဖျောင်းမြို့ခန်းမ၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ဦးဆောင်မှုမှန်ကန်ပြီး ပြည်သူလူထုပါ ညီညွတ်မည်ဆိုပါက နွေဦးတော်လှန်ရေးကို နှစ်နှစ်အတွင်း အောင်မြင်နိုင်မည်ဟု SCEF အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် NUG ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက် က ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက စီစဉ်ကျင်းပသည့် အဆိုပါ တွေ့ဆုံပွဲသို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်ကြသည့် NUG ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) နှင့် Karenni IEC နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ နဲနယ်ပလို၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနှင့် SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် NUG ပြည်ထောင်စု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ခဲ့ကြသည်။

လေးနာရီကြာ မြင့်တက်ခဲ့သည့် ထိုတွေ့ဆုံပွဲတွင် တာဝန်ရှိသူများက မြန်မာ့နိုင်ငံရေး လတ်တလော အခြေအနေများ၊ SCEF ၏ ဖွဲ့စည်းပုံ၊ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် လက်တွေ့ဖြစ်ထွန်းမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် တော်လှန်ပြည်သူများ၏ မေးမြန်းချက်များကို ပွင့်လင်းစွာ ဖြေကြားဆွေးနွေးခဲ့ကြသည်။

“အဓိကက ဝန်ကြီး highlight လုပ်သွားတာကတော့ မေးခွန်းအပေါ်မှာပေါ့နော်။ ပြည်သူလူထု စည်းလုံးညီညွတ်ကြဖို့ ဦးဆောင်မှုလည်း မှန်ကန်ပြီးတော့ ပြည်သူတွေ စည်းလုံး ညီညွတ်ကြမယ်ဆိုရင် ကျွန်တော်တို့ တက်တက်ကြွကြွ ဝိုင်းဝန်း ဝန်းရံ ဆောင်ရွက်ကြမယ်ဆိုရင် အချိန်အတွင်းမှာ တော်လှန်ရေးအောင်မြင်နိုင်ပါတယ်။ အဲဒီ နှစ်နှစ်အတွင်း အောင်မြင်နိုင်မလား ဆိုတဲ့ မေးခွန်းပေါ်မှာလည်း ဖြစ်နိုင်ပါတယ်ပေါ့နော်။ အဓိကတော့ ပြည်သူလူထု စည်းလုံးညီညွတ်ကြဖို့၊ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ကသာလျှင် အဓိကပါ ဆိုတဲ့ အပိုင်းကို highlight လုပ်သွားတဲ့ သဘောပါ” ဟု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ဦးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။

အမေးအဖြေ ကဏ္ဍက ရုပ်သံမှတ်တမ်းယူရန် ကန့်သတ်ထား၍ လူမှုကွန်ရက်တွင် SCEF တာဝန်ရှိသူများ မိန့်ခွန်းပြောကြားသည်ကိုသာ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ လေးနာရီကြာ မြင့်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသား ကိုယ်စားလှယ်များက မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း ဒေသတွင်း နေထိုင်ရေးဆိုင်ရာများကို ဖြည့်စွက် ဖြေကြားပေးခဲ့သည်။

တက်ရောက်လာကြသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးနိုင်ခဲ့သဖြင့် တော်တော်များများ အားရကျေနပ်မှု ရှိခဲ့ကြကြောင်း ဦးကျော်ဆန်းထံက သိရသည်။

“အများစုကလည်း အမေးအဖြေ ကဏ္ဍမှာလည်း စကားလုံးကို နားထောင်ကောင်းယုံ သက်သက်ပဲ စိတ်ချမ်းသာသာ သက်သက်ပဲ စကားလုံးတွေကို ပြောတယ် ဆိုတာထက် အရှိကို အရှိ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဲ့ အမေးအဖြေ ကဏ္ဍမှာ နှစ်နာရီလောက်ကို ကျနော်တို့ ကောင်းကောင်း ဆွေးနွေးနိုင်ကြတဲ့အတွက် တော်တော်များများ အားရကျေနပ် ဖြစ်ကြပါတယ်ပေါ့နော်။ လိုချင်တဲ့ အဖြေတွေ ရကြတဲ့အတွက်လည်း ဟုတ်ကဲ့ပါခင်ဗျ” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် တွေ့ဆုံပွဲတွင် ကရင်နီကိုယ်စားလှယ် နဲနယ်ပလိုက အာဏာသိမ်းစစ်တပ်၏ သွေးခွဲရေး နည်းဗျူဟာများနှင့် အတုအယောင် ဆွေးနွေးမှုများကို တွန်းလှန်သွားမည့် SCEF ၏ ညီညွတ်ရေး မူဝါဒများကို ရှင်းပြခဲ့ပြီး၊ ရှေ့လုပ်ငန်းစဉ်များ၌ ကိုရီးယားရောက် မြန်မာပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့ကြသည်။

“လက်ရှိသိရသလောက် လူကြီးတွေ ပြင်သစ် ခရီးဆက်နေတယ်။ ဦးတင်ထွန်းနိုင် ပြန်လာမယ် ကိုရီးယားကို” ဟု ၎င်းပွဲကို တက်ရောက်ခဲ့သည့် မဇ္ဈိမ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။

တချိန်တည်းမှာပင် SCEF ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် Paris Peace Forum သို့ ဆက်လက်တက်ရောက်မည်ဖြစ်ပြီး၊ ဖိုရမ်ကာလအတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် သီးခြားတွေ့ဆုံကာ SCEF ၏ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ထိုသတင်းများနှင့် ပတ်သက်၍ မဇ္ဈိမက SCEF ကို အတည်ပြုရန် မေးမြန်းထားပေမယ့်လည်း ယခု သတင်းဖော်ပြချိန်ထိ ဆက်သွယ်၍ မရသေးပေ။

မဇ္ဈိမ