အာဆီယံ အထူးသံတမန် တောင်ကြီး စစ်ဘေးရှောင်များထံ သွားရောက်အကူအညီပေးအပ်

By MPM 31 အောက်တိုဘာ, 2026 👁 43

အာဆီယံအလှည့်ကျ ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာလာဇာရို ဉီးဆောင်အဖွဲ့သည် သျှမ်းပြည်တောင်ကြီးမြို့သို့သွားရောက်ကာ လူသားချင်းစာနာမှု အကူအညီပေးအပ်ပြီး လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အထူးသံတမန်အဖွဲ့သည် အောက်တိုဘာ ၂၈ရက်မှ အောက်တိုဘာ ၃၀ရက်အထိ သျှမ်းပြည်နှင့် ကရင်ပြည်တို့ကို လူသားချင်းစာနာမှုအကူအညီများပေးအပ်ကာ လေ့လာသွားမည်ဟု သိရသည်။

အထူး သံတမန်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက်တွင် သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် ညိုမီဘုရားကုန်းကျေးရွာ AHA စင်တာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဆန်၊ မိသားစုသုံးပစ္စည်းများနှင့် တကိုယ်ရည်သုံးပစ္စည်း ထောက်ပံ့ပေးခဲ့သည်။

“အခု အထူးသံတမန်က စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့လာတော့ သူမှာလည်း အသွားအလာ ကန့်သတ်မှုရှိတာပေါ့။ နောက် စစ်ကော်မရှင်ပြင်ဆင်ထားတဲ့နေရာတွေမှာပဲ သွားလေ့လာရတယ်။ တကယ်ဖြစ်ရပ်မှန် စစ်ရှောင်အခြေအနေ ကို သိရမှာမဟုတ်ဘူး” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အာဆီယံအထူးသံတမန်၏ လူသားချင်စာနာမှုအကူအညီသည် အာဏာသိမ်းစစ်အုပ်စုလက်အောက် တွင်သာ လုပ်ဆောင်ရသည့်အတွက် မျှတမှုမရှိနိုင်ကြောင်း၊ မြေပြင်တွင် စစ်ရှောင်ကြုံတွေ့နေရသည့် အဖြစ်အပျက်အမှန်ကိုလည်း ရရှိသွားမည်မဟုတ်ကြောင်းနှင့် စစ်ရှောင်များလည်း လွတ်လပ်စွာ ပြောဆိုခွင့်မရနိုင်ကြောင်း ၎င်းကဆိုသည်။

တဖက်တွင်လည်း အာဆီယံ အလှည့်ကျဥက္ကဌကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး စစ်ဘေးရှောင်များ၏အခြေအနေကို လေ့လာခဲ့ခြင်းသည် မြန်မာပြည်၏ ပဋိပက္ခအခြေအနေနှင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များကို နိုင်ငံတကာက ပိုသိရှိလာနိုင်ကြောင်း ၎င်းကဆိုပြန်သည်။

တောင်ကြီးမြို့ ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို အသိအမှတ်ပြုကြောင်းနှင့် ၎င်းတို့နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ နောက်ထပ်ပြည်သူများဆီ ရောက်ရှိကူညီနိုင်ရန် မျှော်လင့်ကြောင်း မာရီယာ ထရီဆာလာဇာရိုက ပြောဆိုခဲ့သည်။

သျှမ်းသံတော်ဆင့်