တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေအတွင်း မီဒီယာများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံရကြောင်း အသံအဖွဲ့ပြော

By MPM 31 အောက်တိုဘာ, 2026 👁 40

မြန်မာနိုင်ငံတွင် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့စည်းများနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းများ ထိန်းချုပ်ထားသည့် နယ်မြေအချို့တွင် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ သတင်းမီဒီယာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံယူတို့တွင် စိုးရိမ်ဖွယ်ရာ အားနည်းချက်များရှိကြောင်း အသံအဖွဲ့ အစီရင်ခံစာအရ သိရသည်။

လွတ်လပ်သော သုတေသနအဖွဲ့ အဖွဲ့၏ ယနေ့ (အောက်တိုဘာ ၃၀) နေ့တွင် ထုတ်ပြန်သည့် “တော်လှန်ရေး နယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု”  အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်မှုများရှိသော်လည်း အုပ်ချုပ်ရေးအာဏာကျင့်သုံးရာတွင် ပြည်သူများ ဝေဖန်ထောက်ပြခွင့်နှင့် အခြေခံလူ့အခွင့်ရေးများကို မည်မျှ အာမခံပေးနိုင်သည်ကို မေးခွန်းများ ပေါ်ပေါက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ သုတေသန အစီရင်ခံစာလေ့လာခဲ့သည့် နယ်မြေများတွင် ဝေဖန်ထောက်ပြမှုများကို တုံ့ပြန်ရာ၌ အမိန့်နှင့် ကန့်သတ်ချက်များထုတ်ပြန်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ အွန်လိုင်းပေါ်တွင် တိုက်ခိုက်ခြင်းနှင့် ဒလန်ဟု စွပ်စွဲမည်ကို စိုးရိမ်စေသည့် လူမှုရေးဖိအားများကို တွေ့ရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

အသံအဖွဲ့၏ ဖော်ပြချက်အရ မတ္တရာမြို့နယ်တွင် Upper Burma News Agency (UBNA) သတင်းထောက်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမှု၊ ရခိုင်ပြည်တွင် Border News Agency (BNA) သတင်းထောက်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ကချင်ပြည်နယ်တွင် သတင်းသမားတစ်ဦး ခေါ်ယူစစ်ဆေးခံရမှုများရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် သတင်းသမားများနှင့် ပြည်သူများအကြားတွင် ဆင်ဆာဖြတ်တောက်မှု ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် စစ်ရေးလုံခြုံရေး၊ တော်လှန်ရေးအကျိုးစီးပွားနှင့် ရန်သူကို အကျိုးပြုနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝေဖန်ထောက်ပြမှုနှင့် သတင်းအချက်လက်ရယူရာတွင် ကန့်သတ်မှုများရှိနေကြောင်း သိရသည်။

ထို့ကဲ့သို့ စစ်ရေးဆိုင်ရာ လုံခြုံရေး အန္တရာယ်များ အမှန်တကယ်ရှိသော်လည်း အဆိုပါအကြောင်းပြချက်ဖြင့် ချမှတ်သည့် ကန့်သန့်ချက်များသည် လိုအပ်ချက်နှင့် အချိုးညီမျှမှုရှိရမည် ဖြစ်ပြီး ပြည်သူများ၏ သတင်းရယူခွင့် နှင့် ဘေးကင်းလုံခြုံရေးကို မလိုအပ်ဘဲ ထိခိုက်စေခြင်း မရှိသင့်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ယင်းအပြင် အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားပြုလုပ်ခြင်း၊ တိုင်ကြားခြင်းတို့ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခြင်းနှင့် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများ အားနည်းခြင်းကို ထင်ဟပ်စေကြောင်း အစီရင်ခံစာက ဆိုသည်။

အသံအဖွဲ့၏ ဖော်ပြချက်အရ တော်လှန်ရေးအဖွဲ့စည်းများသည် ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို မူဝါဒအဆင့်တွင် လက်ခံထားသော်လည်း လက်တွေ့တွင် အကောင်ထည်ဖော်နိုင်ခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲမှုမရှိပါက အာဏာရှင်ဆန်သည့် အုပ်ချုပ်ရေးအလေ့ထများ ပြန်လည်ပေါ်ပေါက်နိုင်ကြောင်း သတိပေးထားသည်။

DMG