စစ်တွေတွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ၂ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရပြီးနောက် အရပ်သားများကို ကာကွယ်ပေးရန် MSF တောင်းဆို

By MPM 26 အောက်တိုဘာ, 2026 👁 224

ရခိုင်ပြည်၊ စစ်တွေမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ပေးပို့ခွင့်ပြုရန် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က တောင်းဆို လိုက်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က စစ်တွေမြို့၌ လက်နက်ကြီးပစ်ခတ်မှုများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်သံများနှင့် လေယာဉ်ပျံ သန်းသံများကို မြို့လယ်ပိုင်းရှိ MSF ဝန်ထမ်းများ ကြားခဲ့ရကြောင်း ဖော်ပြထားသည်။

MSF ၏ အဆိုအရ စစ်တွေမြို့လယ်ရှိ အရပ်သားများ သွားလာအသုံးပြုနေသည့် လမ်းဆုံတစ်ခုတွင် လက်နက်ကြီးကျည် အနည်းဆုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုအများစုမှာ အဆိုပါနေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးသည် မြို့၏ အဓိကလူနာလွှဲပြောင်းကုသရေးဆေးရုံဖြစ်ပြီး ရခိုင်ပြည်အတွင်း အထူးကုသမှုမရရှိနိုင်သည့် ဒေသများမှ လူနာများကို အသက်ကယ်ကုသမှုခံယူနိုင်ရန် MSF က ယခင်ကလည်း ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်သည် သီးခြားဖြစ်ပွားသည့် ဖြစ်ရပ်တစ်ခုမဟုတ်ဘဲ ရခိုင်ပြည်တစ်ဝန်း စစ်ရေးပဋိပက္ခများကြောင့် အရပ်သားများ ဆက်လက်ထိခိုက်သေဆုံးနေရသည့် အခြေအနေကို ပြသနေကြောင်း MSF က သတိပေး ထားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည့် ဖြစ်စဉ်ကိုလည်း MSF က ထောက်ပြထားသည်။

လူနေထိုင်ရာဒေသများကို တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အပြန်အလှန်ပစ်ခတ်မှုများ ကြောင့် အရပ်သားများ အသက်အန္တရာယ် ဆက်လက်ရင်ဆိုင်နေရကြောင်း MSF က ဆိုသည်။

“ရခိုင်ပြည်နယ်တစ်ဝန်းမှာ ဆက်လက်ပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားက အရပ်သားပြည်သူ တွေကို အကာအကွယ်ပေးရပါမယ်” ဟု MSF ၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတာဝန်ခံ Paul Brockmann က ပြောသည်။

ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအရ လိုက်နာရမည့် တာဝန်များနှင့်အညီ အရပ်သားများကို ကာကွယ်ပေးရန် အစွမ်းကုန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း MSF က တိုက်တွန်းထားသည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူရန် လိုအပ်နေသည့် လူနာများ၏ လုံခြုံရေးကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုထားသည်။

ရခိုင်ပြည်ရှိ ဒေသခံပြည်သူများအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လာခဲ့သည့် MSF က လုံခြုံရေးအခြေအနေ ဆိုးရွားနေသော်လည်း ၎င်းတို့၏ ဝန်ထမ်း များသည် စစ်တွေမြို့တွင် ဆက်လက်ရှိနေကြောင်း အတည်ပြုထားသည်။

အခြားအဖွဲ့အစည်းအချို့မှ ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း သိရှိရသော်လည်း MSF ဝန်ထမ်းများမှာ စစ်တွေမြို့တွင် ဆက်လက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးပဋိပက္ခများနှင့် အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများ ထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ပေးပို့နိုင်ရေးအတွက် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးက ခွင့်ပြုပံ့ပိုးပေးရန် MSF က ထပ်မံတောင်းဆိုထားသည်။

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့သည် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၏ သက်ရောက်မှုများကို ရင်ဆိုင်နေရသည့် မြို့တစ်မြို့ဖြစ်သည်။

သို့သော် အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပစ်ခတ်မှုအတွက် တာဝန်ရှိသူကို DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

DMG