ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီနဲ့ NSPNC ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုးဟုဆို

By MPM 14 အောက်တိုဘာ, 2026 👁 125

ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC) နဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ( NSPNC ) တို့ဟာ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၉ ရက်နေ့မှာပြုလုပ်တဲ့ SNUC နဲ့ NSPNC တို့ တွေ့ဆုံဆွေးနွေးအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။​

ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ကတိပြုချက် (မူကြမ်း) တွေကို ဆွေးနွေးခဲ့ကြသလို ကျန်းမာရေးနှင့်ပ ညာရေးဆိုင်ရာလိုအပ်ချက်တွေကို နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကတိပြုချက် အကြောင်းအရာတွေကိုတော့ မသိရှိရသေးပါဘူး။

NSPNC ဘက်က SNUC/SNA ကို နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ညှိနှိုင်းရေး၊ ရှမ်းနီ တိုင်းရင်းသားများကို မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုမှုတွေကို လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်နိုင်မည့်အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ မြန်မာ့အသံက ထုတ်လွင့်ခဲ့ပါတယ်။

ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေနေထိုင်တဲ့ နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကို ဆွေးနွေးချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

ရှမ်းနီအသံ