စစ်တွေ တိုက်ပွဲပြင်းထန်၊ တပ်စခန်းအချို့ကို AA သိမ်းပိုက်

By MPM 13 အောက်တိုဘာ, 2026 👁 296

ရခိုင်ပြည် စစ်တွေမြို့နှင့် အနီးအဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ ယခုရက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး အမြင့်ကျွန်းနှင့်၊ ပါဒလိတ်အနားက တပ်စခန်းအချို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စပြီး အာရက္ခတပ်တော်သည် စစ်တွေမြို့နယ်အစ မင်းချောင်းတံတားကို ကျော်လွန်ကာ အမြင့်ကျွန်းကျေးရွာရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“အခုက AA ရဲဘော်တွေကို မင်းချောင်းတံတားကိုကျော်ပြီး အမြင့်ကျွန်းကျေးရွာကို ဝိုင်းထားတာ။ ရွာကို ကာထားတဲ့စခန်း ၂ ခုကို သိမ်းလိုက်ပြီလို့ သိထားတယ်။ နောက်ထပ် အမြင့်ကျွန်းကနေ ပါဒလိတ်သွားလမ်းက ကာကင်းတွေကိုလည်း သိမ်းထားနိုင်တယ်” ဟု စစ်ရေးအခြေအနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။

အမြင့်ကျွန်းကျေးရွာတိုက်ပွဲများသည် စက်တင်ဘာ ၇ ရက် ငပြီကျွန်းတိုက်ပွဲနှင့်အတူ ပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် မြေပြင် ထိုးစစ်အပြင် နှစ်ဘက်စလုံးက လက်နက်ကြီး ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အတူ တိုက်ပွဲနေရာနှင့် ပုဏ္ဏားကျွန်း ကွမ်းတောင်၊ တံဘက်လှန်းကျေးရွာများသို့ စစ်တပ်က ပါဒလိတ်တပ်ရင်းကနေ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

“အမြင့်ကျွန်းရွာထဲမှာ စစ်ကောင်စီ ရှိနေသေးတယ်။ အဓိက ရဲစခန်းနဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေသေးတယ်။ အဲဒီရှေ့က စခန်းတွေကို သိမ်းထားတာ။ အခုအချိန်ထိ ပါဒလိတ်ကလည်း လက်နက်ကြီးတွေ လှမ်းပစ်နေတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်တပ်၏ စစ်တွေ ပုဏ္ဏားကျွန်းအစပ် ၄၉၂၆ စစ်ဆင်ရေး ထိုးစစ်သည် အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်များကြောင့် စစ်တပ်က အကျအဆုံးများနှင့် တပ်နောက်ပြန်ဆုတ်ခဲ့သည်။

သို့သော်လည်း အောက်တိုဘာလဆန်းပိုင်းကစကာ တန်ပြန် AA က ထိုးစစ်ဆင်နေပြီး ယခုအချိန် အပြင်းထန်ဆုံးဖြစ်နေကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကျွန်းကို ကျော်ကာ ကျားမသောက်ကျေးရွာအနီးအထိ AA ထိုးစစ်ဆင်နေသလို ကံ့ကော်ကျွန်းကိုကျော်ကာ ဒကစအနီးထိ တိုက်ပွဲများရှိနေကြောင်း စစ်ဘက်နှင့် နီးစပ်သူတို့က ဆိုသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “အခုရက်ပိုင်း လေယာဉ်တွေ နိမ့်နိမ့်လေးက ပျံတယ်။ ထန်းပင်၊ အုန်းပင်လောက် အမြင့်ကနေ အသံအကျယ်ကြီးနဲ့ ပျံနေတော့ အိမ်မရဘူး။ မြို့တွင်းအခြေအနေကတော့ လေကြောင်းလိုင်းတွေ သွားလိုက်၊ လာလိုက်ရှိနေတယ်” ဟု ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် စစ်တွေမြို့၊ ရွှေမင်းဂံရေတပ်စခန်းအနီး ဝီရဌာနီ (ပေါက်တော)မြို့နယ် ငပြီကျွန်းကို အသေခံကမ်းတက်နေသဖြင့် ယင်းကျွန်းတွင်လည်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

“လက်ရှိ ငပြီကျွန်းကတော့ စစ်အုပ်စုက ကမ်းမတက်နိုင်တဲ့ အခြေအနေ မဟုတ်သလို ကမ်းတစ်ခုလုံးကို သိမ်းပိုက်နိုင်တာလည်း မဟုတ်ဘူး။ ငပြီကျွန်းကို စစ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာ။ လေကြောင်း ဆက်တိုက် လုပ်နေလို့ ကမ်းထက်မှာတော့ အပြန်အလှန် တိုက်နေကြတုန်းပဲလို့ သိရတယ်” ဟု ဝီရဌာနီ (ပေါက်တော) ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ငပြီကျွန်းစစ်မျက်နှာတွင် တိုက်ပွဲများပြင်းထန်နေချိန် AA သည် စစ်တွေဝင်ပေါက် အမြင့်ကျွန်းနှင့် ပါဒလိတ်တို့ကို ထိုးစစ်ဆင်က စခန်းများကို သိမ်းနေခြင်းဖြစ်သည်။

အလားတူ စစ်တွေ ဒကစ အနီးဝန်းကျင်ကိုလည်း ယမန်နေ့ကစပြီး AA တပ်ဖွဲ့ဝင်များ တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်စစ်မျက်နှာသည် အာဏာသိမ်းစစ်တပ်၏ ဂုဏ်သိက္ခာအတွက်နှင့် မဟာဗျူဟာအတွက် အရေးကြီးသည့်အတွက် တိုက်ခိုက်မှုပုံစံများသည် တခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသဘောတရားနှင့် ကွဲပြားပြီး ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်း  မြန်မာ့မဟာဗျူဟာနှင့် မှုဝါဒလေ့လာရေးအင်စတီကျု (ISP- Myanmar) က သုံးသပ်ထားသည်။

DMG