ကချင်နှင့် ရှမ်း-ကချင်အစပ် မြို့နယ် ၆ ခုတွင် KIA နှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်

By Staff 2 အောက်တိုဘာ, 2026 👁 65

ကချင်ပြည်အတွင်းရှိ မြို့နယ် ၅ ခုနှင့် ရှမ်း-ကချင် အစပ်ဒေသများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ်တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

ကချင်ပြည် ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ ခေါင်လန်ဖူး၊ ဝိုင်းမော်မြို့နယ်များနှင့် ရှမ်း-ကချင် အစပ်ရှိ မိုးမိတ်မြို့နယ် အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကချင်ပြည်နယ်မှာကတော့ တိုက်ပွဲကတော့ ဗန်းမော်မြို့ဝန်းကျင်မှာ နေ့တိုင်းလို တိုက်ပွဲရှိပါတယ်။ နောက် ရှမ်းမြောက် အစပ်ဖြစ်နေတဲ့ မဘိမ်း မိုးမိတ်ဘက်မှာလည်း တိုက်ပွဲတွေရှိပါတယ်။ နောက် ခေါင်လန်ဖူးဘက်မှာလည်း တိုက်ပွဲကတော့ ကြိုကြား ကြိုကြားဖြစ်နေပါတယ်။ နောက် အင်းတော်ကြီး အဲဒီဖက်မှာလည်း တိုက်ပွဲတွေရှိပါတယ်။ တခြားနေရာမှာကတော့ တိုက်ပွဲတွေ အဲလောက်အထိ မရှိပါဘူး။ တင်းမာမှုတွေကတော့ ဝိုင်းမော်ဘက်မှာရှိပြီးမှ ဖားကန့်မှာလည်း လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေတော့ ရှိပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် သင်္ဘောများဖြင့် ဗန်းမော်မြို့သို့ စစ်အင်အား ဖြည့်တင်းခဲ့ပြီးနောက် ဆုံးရှုံးထားသည့် ရပ်ကွက်များကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ဗန်းမော်မြို့နယ်အတွင်း၌ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်သည်။

ထို့အတူ ရှမ်း-ကချင်အစပ် မိုးမိတ်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီးရှိ စစ်အုပ်စုတပ်၏ ရွှေမြင်တင်ဘုရား ဗျူဟာကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အလားတူ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဟဲပါးကျေးရွာရှိ ရှမ်းနီနဂါးတပ်မတော် (SNA) စခန်းတစ်ခုကို လည်း KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဖားကန့်နှင့် ဝိုင်းမော်မြို့နယ်များ၌ လက်နက်ကြီးနှင့် ဒရုန်းဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ရှိနေသကဲ့သို့ ခေါင်လန်ဖူးမြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိသည်။

တစ်ဖက်တွင်လည်း ကချင်ပြည်တိုက်ပွဲများ၌ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုံမှန် စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိတော့ဘဲ ဒေသတွင်းမှ လူငယ်များကို ဖမ်းဆီးကာ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်း၊ ပေါ်တာထမ်းခိုင်းခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများနှင့် KIO/KIA တို့က ပြောပြ ထုတ်ပြန်သည်။

ပြည်သူ့စစ် စုဆောင်းနေသည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဖားကန့်မှာကတော့ သူတို့က အဲဒီ ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့မယ်ဆိုပြီးမှ သတင်းတွေထွက်နေပါတယ်။ အဲဒီ အကောင်အထည်ဖော်တာတော့ မတွေ့ရသေးဘူး။ နောက် ခေါင်လန်ဖူး မြေပြင်မှာကတော့ သူတို့ ပြည်သူ့စစ်တွေ တော်တော်များများ ရှိတယ်။ ပူတာအိုတို့ မချမ်းဘောတို့မှာကတော့ ပြည်သူ့စစ် စုဆောင်းရေးတွေ လုပ်တယ်။ နောက် သူတို့ရဲ့ ပစ္စည်းတွေကို ထမ်းပေးဖို့ ချောဆွဲတာပေါ့ ရွာသားတွေကို ချောဆွဲတာတွေ ရှိပါတယ်။ ကျန်တဲ့နေရာမှာကတော့ အသစ်ဝင်လာတာတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ကချင်ပြည်အတွင်း ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ရယူရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ရေးပဋိပက္ခဒေသများရှိ အရပ်သားပြည်သူများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်း ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း စသည့် ဒဏ်များကို ခံစားနေကြရကြောင်း စစ်ဘေးရှောင်ပြည်သူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုသည်။

NMG