စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ညွှန်ကြား

By MPM 24 စက်တင်ဘာ, 2026 👁 52

လုံခြုံရေးကြောင့် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပေးအပ်ထားတဲ့ အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေတာကြောင့် ထိရောက်စွာ ကိုင်တွယ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တို့အား တွေဆုံစဉ် ၎င်းက ညွှန်ကြားလာတာဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်တွေကြောင့် တရားမဝင် ကုန်စည်စီးဆင်းမှုတွေ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေကြရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါကြောင့် စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားဖို့နဲ့ တရားဥပဒေ ချိုးဖောက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာပါ။

လတ်တလော ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူ လုပ်သင့်လုပ်ထိုက်တာကို အမှန်တကယ် လုပ်ကိုင်ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

မြေပြင်မှာတော့ လုံခြုံရေးကြောင့် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်အကျပ်ကိုင်တာ၊ ငွေကြေးအဆမတန် တောင်းယူတာ၊ တရားမဝင်ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ကုန်ပစ္စည်းအများအပြား သိမ်းယူတာတွေ ရှိနေပါတယ်။

ဒေသခံပြည်သူတွေကတော့ စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကို အောက်ခြေက အရာရှိတွေ ကိုင်တွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောဆိုကြပါတယ်။

သံလွင်တိုင်းမ်