စစ်အုပ်စု ချောဆွဲခြင်းခံရသည့် အရပ်သားသင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးရခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ထုတ်ပြန်

By MPM 24 စက်တင်ဘာ, 2026 👁 39

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သင်္ဘာများတွင် စစ်အုပ်စုတပ်က အတင်းအဓမ္မ ချောဆွဲထားသည့် အရပ်သားပိုင် ပုဂ္ဂလိကသင်္ဘောများပါဝင်ခဲ့၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်အုပ်စု၏ ရေယာဉ်အုပ်စုကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များထံသို့ ရည်ရွယ်၍ “ဗန်းမော်သို့ (အတင်းအဓမ္မ )လိုက်ပါခဲ့ရပြီး ဆုံးရှုံးခဲ့ကြသော ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များခင်ဗျားÉ (စိတ်မကောင်းဖြစ်ရပါသည်) လို့ဘဲပြောပါရစေ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုများအတွင်း ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအနေဖြင့် သင်္ဘော လေးစီးအထိ ဆုံးရှုံးရသူများပါဝင်နေပြီး ပျက်စီးသွားသည့် သင်္ဘောတန်ဖိုးများမှာ ကျပ်သိန်းပေါင်း ၈,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် သင်္ဘောပိုင်ရှင်များအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ယခုဆုံးရှုံးမှုများသည် နွေဦးတော်လှန်ရေးကာလ၏ အရင်းအနှီးဖြစ်သည်မို့ စီးပွားများ ပြန်လည်တိုးပွားနိုင်ကြပါစေကြောင်းလည်း မေတ္တာပို့ ဆုတောင်းပေးထားသည်။

စစ်အုပ်စုတပ်သည် ဗန်းမော်မြို့သို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန်အတွက် ဩဂုတ်လနှောင်းပိုင်းမှစတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ရေယာဉ်များဖြင့် ဆန်တက်လာခြင်းဖြစ်ပြီး ယင်းသို့ သွားလာရာတွင် အရပ်သားပိုင် ကုန်တင်သင်္ဘောများကိုပါ အစဉ်တစိုက် ချောဆွဲကာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုကို KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လမှ စက်တင်ဘာလဆန်းပိုင်းအထိ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ရေး စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် ရေယာဉ်စုစုပေါင်း ၂၀ ခန့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများအတွင်း စစ်သင်္ဘော နှစ်စီးပေါ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ဦးရေ ၁၉၀ ခန့် အလံဖြူထောင်၍ အညံ့ခံခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

မဇ္ဈိမ