တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် ပုဏ္ဏားကျွန်းဒေသခံများ အရေးပေါ်အကူအညီ လိုအပ်နေ

By MPM 24 စက်တင်ဘာ, 2026 👁 46

ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် တိုက်ပွဲနှင့် နီးစပ်သည့် ဧရိယာတစ်ဝိုက် ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၄ ရက်မှ စတင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်း၊ ကွမ်းတောင်၊ ပဒေသာ၊ ဆင်အင်းကြီး၊ ချောင်းဝ၊ ကျွန်းချေ၊ အထုပ်သည်၊ တံဘက်လှမ်း စသည့် ဒေသခံများမှာ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် တိမ်းရှောင်လာသူအများစုမှာ သစ်ပင်ရိပ်နှင့် အခြားနေရာများတွင် စုပေါင်းနေထိုင်နေကြရပြီး စားသောက်ရေးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ဒေါ်လှဦးမေက “အခုတော့ နေစရာနေရာလည်း မရှိသေးဘူး။ စားစရာဆိုလည်း ပါတဲ့ဟာတွေ ထမင်းကိုတော့ ဟင်းတစ်ခုလောက်နဲ့ မျှပြီး ဖြစ်သလိုစားပြီး နေကြရတာ။ ကျမက ကျန်းမာရေးမကောင်းလို့ မြေကြီးပေါ်မှာ၊ သစ်ပင်အောက်တွေမှာလည်း ကြာကြာမနေနိုင်ဘူး” ဟု ပြောသည်။

ဒေါ်လှဦးမေမှာ တိုက်ပွဲကြောင့် ကျွန်းချေကျေးရွာမှ ယာချောင်း၊ ယာချောင်းမှတစ်ဆင့် ယခု လက်ရှိ နေရာသို့ သမီး ၃ ဦးနှင့် အတူ ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်လာရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်များထဲတွင် ဖျားနာနေသူများလည်း ရှိနေပြီး ဆေးကုသရန် ငွေကြေးမတတ်နိုင်သူများလည်း ရှိနေကြောင်း သိရသည်။

ကွမ်းတောင်ကျေးရွာသား ဦးမောင်ဇိတ်ကေက “ကျနော့်သမီးဆိုရင် ဖျားနေလို့ ဆေးကုဖို့ ဆေးဝယ်ဖို့တောင် မတတ်နိုင်လို့ ဒီတိုင်း စောင်ခြုံပြီး ဒီတိုင်း လှဲနေရတယ်။ ကျနော်တို့မှာ ပါတာဆိုလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ။ ဒီတိုင်း ရုတ်တရက် ထပြေးလာရတာ။ အကူအညီတွေ လိုအပ်နေတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့်လည်း စစ်ဘေးရှောင်များမှာ နေရာထိုင်ခင်း အခက်အခဲအတွက် ပိုပြီး ပူပန်နေရကြောင်း ပြောဆိုကြသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က စပြီး ပုဏ္ဏားကျွန်းနယ်စပ်ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် လက်ရှိတွင် တပ်ဆုတ်ခွာသွားရပြီဖြစ်သည်။

သို့သော်လည်း လက်ရှိ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ နေရာများတွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နေရာများအား လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုလည်း များလာနေသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၁ နာရီခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၁ ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

DMG