နေဗီအန္တရာယ်ကြောင့် ဝီရဌာနီ (ပေါက်တော) ဒေသခံများ စားဝတ်နေရေး ထိခိုက်နေ

By MPM 22 စက်တင်ဘာ, 2026 👁 35

ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ နေဗီကနေ ပစ်ခတ်မှု၊ ဒေသခံများ ဖမ်းဆီးခံရမှုနှင့်၊ လှုပ်ရှားသွားလာမှုများကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဝီရဌာနီမြို့နယ်၊ အနောက်ဖရုံကာကျွန်းအနီးနှင့် ပင်လယ်ပြင်တို့တွင် ငါးဖမ်းစက်လှေ ၂ စီးကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့ခဲ့ပြီး အနီးအနားကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့  ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဝီရဌာနီမြို့နယ်က ဒေသခံများသည် နေထိုင်စားသောက်ရေးတွင် အခက်အခဲများစွာ ရှိနေကြသည်။

“စစ်တပ်နေဗီ ၂ စီးက ဆံတော်ရှင်ကျွန်းဘက်ကို သွားလာလှုပ်ရှားမှုတွေ ရှိပါတယ်။ အထူးသဖြင့် စိုးမဲကျီ၊ ကုလားသိမ်ကျေးရွာ အနီးအနားထိ ရောက်လာပြီး ပစ်ခတ်မှုတွေ ရှိတယ်။ အရင်က စစ်တပ်နေဗီတွေ ဒီကျွန်း အဝဖျားထိ မရောက်‌ဖြစ်ဘူး” ဟု ဝီရဌာနီဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဒေသခံများမှာ ရေလုပ်ငန်းကို အဓိက မှီခိုပြီးလုပ်ကိုင်စားသောက်သူများဖြစ်ပြီး အခြား ဆက်သွယ်ရေးတွင်လည်း ရေကြောင်းကိုသာ အဓိထား ခရီးသွားရသဖြင့် လက်ရှိတွင် ကူးလူးသွားလာရေး အခက်အခဲများစွာ ရှိနေကြောင်း ပြောကြသည်။

ထို့အတူ အဆိုပါ ကျွန်းတွင် စစ်ဘေးရှောင်များလည်း နေထိုင်ကြပြီး ၎င်းတို့မှာ ထောက်ပံ့မှု တစုံတစ်ရာ မရသည့်အပြင် စစ်တပ်၏ နေဗီများက ပစ်ခတ်ဖမ်းဆီးမှုကြောင့် ငါးဖမ်းမထွက်ရသဖြင့် စားဝတ်နေရေး ခက်ခဲနေကြောင်း ပြောကြသည်။

“စစ်တွေက စစ်ဘေးရှောင်လာတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိပါပြီ။ ပထမတော့ ပါလာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး စားသောက်ပါတယ်။ ငွေကြေး အဆင်မပြေတော့ ငါးဖမ်းတဲ့ စက်လှေတွေမှာ နေ့စား အငှါးလိုက်ပါတယ်။ အခုရက်ပိုင်း နေဗီက ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ကျနော်တို့လို စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်အခဲတွေရှိပါတယ်” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ဝီရဌာနီမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ယင်းထဲတွင် အိမ်ထောင်စု ၂၀ ကျော်မှာ နေထိုင်စားသောက်ရေး ဆိုးရွားနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် မွတ်ဆလင် ၈ ဦးကို အာဏာသိမ်းစစ်တပ် နေဗီက ပစ်ခတ်ဖမ်းဆီးပြီး ညနေပိုင်းတွင် လွတ်မြောက်လာကြောင်း သိရသည်။

အာလားတူပင် စက်တင်ဘာ ၂၀ ရက်တွင်လည်း စိုးမဲကျီနှင့် ကုလားသိမ်အနီးက တစ်လုံးပေါ်ကျောက်နားတွင် ငါးဖမ်းနေသည့် မွတ်ဆလင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ဆေးပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

DMG