အရပ်သားအုပ်ချုပ်ရေးနှင့် စီးပွားရေးတွင် ပါဝင်မည်မဟုတ်ဟု KNDF ဥက္ကဋ္ဌ ပြော

By MPM 15 စက်တင်ဘာ, 2026 👁 41

အရပ်သားအုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မည်မဟုတ်ဘဲ လူထုကို အကာအကွယ်ပေးသည့် တပ်တစ်ခုဖြစ်အောင် တည်ဆောက်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် KNDF ၏ ပထမအကြိမ် ညီလာခံမိန့်ခွန်းအတွင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက “အရပ်သားအုပ်ချုပ်ရေးကို ဝင်မစွတ်ဖက်မှု အရပ်သားတွေရဲ့ အခန်းကဏ္ဍကို ကျနော်တို့ ဝင်မစွတ်ဖက်ပဲနဲ့ စီးပွားရေးတွေကို ဝင်မစွတ်ဖက်ပဲနဲ့ တပ်ရဲ့ တည်မြဲရေးက အခြေခံ အကျဆုံးအုပ်မြစ်က တပ်စနစ်တကျရှိဖို့ပဲ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ စစ်ရေးရဲ့ အသက်ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောသည်။

ထို့ပြင် တပ်တည်ဆောက်ရာတွင်လည်း KNDF ရဲဘော်များကို မှားယွင်းသည့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ခေါ်မသွားဘဲ အားလုံးလိုလားသည့် ဒီမိုကရေစီ၊ တန်းတူရည်တူရှိရေးနှင့် ခွဲခြားဆက်ဆံမှုမရှိသည့် တိုင်းပြည်၊ အာဏာရှင်မရှိသည့် တိုင်းပြည်ဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အတူ KNDF ၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်နယ်အတွင်းရှိ တပ်များအားလုံး စုစည်း၍ ပြည်နယ်တပ်တစ်ခုတည်း ပေါ်ပေါက်ရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ခွန်းဘီထူးက “ပြည်နယ်တပ်ပေါ်ပေါက်ရေး ပြည်နယ်တပ် ရပ်တည်ရေးကို ကျနော်တို့ ဆက်လက်သွားမယ်လို့ ကျနော်တို့ ဗဟိုကော်မတီဖက်က ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဒီဟာက ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့အတူတူ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ကျနော်တို့ ဒီ ပြည်နယ်တပ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။ အထူးသဖြင့် အရပ်သားတွေကို ကျနော်တို့က ကာကွယ်စောင့်ရှောက်ပြီးမှ ကိုယ်ကျိုးအတွက်ကို တော်လှန်ရေးလုပ်တဲ့ တပ်ဖွဲ့မဟုတ်ဘူး။ ကိုယ်ကျိုးအတွက်ကို ကျနော်တို့ နိုင်ငံရေးတည်ဆောက်နေတဲ့ အဖွဲ့အစည်းတစ်ရပ် မဟုတ်ဘူးဆိုတာကို ပြသနိုင်တဲ့နေ့ အထူးသဖြင့် လူထုတွေဖက်က အားကိုးယုံကြည်ရတဲ့နေ့ကျရင် ကျနော်တို့ ပြည်နယ်တပ် ပေါ်ပေါက်ရေးက အင်မတန် ခရီးရောက်လာပါလိမ့်မယ်” ဟု ပြောသည်။

တပ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် အခြားတစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားများကို ပိုမိုအားကောင်းစေမည့် မဟာမိတ်တည်ဆောက်ရေးကို အလေးထားလုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် ပထမအကြိမ် KNDF ညီလာခံသို့ KNDF ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများ၊ ရုံးဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင် အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညီလာခံတွင် ယခင်ကာလ လုပ်ငန်းစဉ်များနှင့် စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ် တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ၊ စစ်ရေးနှင့် နိုင်ငံရေး ဦးတည်ချက်များကို ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်