တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

By MPM 6 စက်တင်ဘာ, 2026 👁 43

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် အာဏာသိမ်းစစ်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။

လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တစ်ကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း နောင်ကားကျေးရွာဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကို “သြဂုတ်လတုန်းက ကျပ်ငွေ ၅ သောင်းထည့်ပေးရတယ်။ ခေါင်းစဉ်အမျိုးမျိုးပဲ။ အရင်က ကောက်တာနဲ့ အခုကောက်တာလည်း မတူပြန်ဘူး။ ကောက်ရင် တောင်းရင်ထည့်ရတာပဲ” ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိတွင် စားသောက်ကုန်နှင့် အခြေခံအသုံးအဆောင်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသည့်အပြင် စစ်ရေးဆိုင်ရာအတွက် ငွေကြေးပေးဆောင်နေရခြင်းကြောင့် မိသားစုစားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း ၎င်းက ဆက်ပြောသည်။

“ကုန်ဈေးနှုန်းတွေကလည်း တက်။ ရတာကနည်းနည်း ပေးနေရတာကများများ။ အိမ်ထောင်စုတစ်စုအတွက် ဒီလို ငွေတွေ ပုံမှန်ပေးနေရတာ လွယ်မနေဘူး။ စားဝတ်နေရေးကို အနည်းနဲ့အများတော့ ထိခိုက်ကြတာပေါ့။ အသေးစိတ်တောင် မရှင်းပြတက်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ ပုံးအင်းဒေသတွင်လည်း ဝင်ငွပုံမှန်မရှိသည့်ကြား ဒေသခံများသည် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ကို လစဉ်ကြေးပေးဆောင်နေရပြီး တစ်နှစ်လျှင့် ငွေကြေးစုစုပေါင်း အနည်းဆုံး ကျပ်ငွေ ၄ သိန်းမှ ၅ သိန်းဝန်းကျင်အထိ ပေးဆောင်နေရကြောင်း သိရသည်။

ပအိုဝ်းပြည်သူ့စစ် (PNO) သည် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း စသည့် မြို့နယ်များမှ ကျေးရွာများတွင်လည်း စစ်သားစုဆောင်းမှု၊ စစ်မှုထမ်းကြေးကောက်ခံမှု၊ သတ်မှတ်ထားသည့် ပိုင်ဆိုင်မှုရှိလျှင်လည်း အခွန်ပေးဆောင်နေကြရသည်။

သျှမ်းသံတော်ဆင့်