ICRC အနေဖြင့် စစ်အုပ်စု၏ နိုင်ငံရေးအတွက် အသုံးချခံနေမှုကို ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၅၅ ခု တောင်းဆို

By MPM 12 ဩဂုတ်, 2026 👁 45

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုက နိုင်ငံရေးအကျိုးအမြတ်ရရှိရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အသုံးချနေမှုအား ရပ်တန့်ပေးရန် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၁၅၅ ခုက ICRC ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် အဆိုပါ ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်းနှင့် တွေ့ဆုံမှုနှင့်ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။

အဆိုပါတွေ့ဆုံမှုကို စစ်အုပ်စုဘက်က ဦးစွာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများနှင့် မွေးနေ့ကိတ် ပေးသည့် ဓာတ်ပုံများကို ထုတ်ပြန်ကာ မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေ ရှိနေသကဲ့သို့ နိုင်ငံတကာကို ပုံဖော်ပြသခဲ့ကြောင်း ပါရှိသည်။

ICRC အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများဖြစ်သည့် ကြားနေရေး၊ လွတ်လပ်မှုနှင့် လျှို့ဝှက်ဆက်သွယ်ဆွေးနွေးမှုတို့ကို အကြောင်းပြု၍ ကာကွယ်ပြောဆိုနိုင်သော်လည်း စစ်အုပ်စုက ICRC ၏ ပါဝင်ဆောင်ရွက်မှုကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမည်ဆိုသည်မှာ ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အဆက်အသွယ်ဖြတ်၍ ထိန်းသိမ်းခံရခြင်းနှင့် အကျဉ်းထောင်များကို လွတ်လပ်စွာ စောင့်ကြည့်ခွင့်မရရှိခြင်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ICRC ၏ လျှို့ဝှက်ဆွေးနွေးမှုများမှတဆင့် လက်တွေ့ကျသည့် လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုများ မည်မျှရရှိခဲ့သည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်းလည်း တောင်းဆိုထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ ချိုးဖောက်မှုများ ကြီးမားပြီး ထပ်တလဲလဲ ဖြစ်ပေါ်နေခြင်း၊ လျှို့ဝှက်ဆွေးနွေးမှုများမှတဆင့် ဖြေရှင်းနိုင်ခြင်းမရှိတော့ခြင်းနှင့် ထိခိုက်ခံစားနေရသူများ၏ အကျိုးစီးပွားအတွက် လိုအပ်ခြင်းတို့ရှိပါက ICRC တွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်သည့် မူဝါဒများ ရှိနေကြောင်း ထောက်ပြထားကြသည်။

ထို့ကြောင့် စစ်အုပ်စု၏ ချိုးဖောက်မှုများကို လူသိရှင်ကြား ထုတ်ဖော်ရှုတ်ချရန်၊ နိုင်ငံရေးအကျဉ်းသားများနှင့် ထိန်းသိမ်းရေးနေရာများသို့ အတားအဆီးမရှိ ဝင်ရောက်စစ်ဆေးခွင့် ရရှိရေး တောင်းဆိုရန်၊ အကျဉ်းသားများနှင့် တွေ့ဆုံရာတွင် စစ်အုပ်စုမှ စွက်ဖက်ခြင်းမရှိစေရေး အာမခံချက်ယူရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းအောင်အပါအဝင် မိသားစုဝင်များနှင့် အဓိပ္ပာယ်ရှိသည့် ဆက်သွယ်မှုများ ရရှိရေး ကူညီပေးရန် အပါအဝင် အချက်အလက်များကို အဖွဲ့ ၁၅၅ ခုက တောင်းဆိုထားသည်။

အိတ်ဖွင့်ပေးစာ၏ နိဂုံးတွင် ICRC အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများအပေါ် မည်သို့တာဝန်ခံမည်နည်း၊ အနာဂတ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုများကို စစ်အုပ်စုက နိုင်ငံရေးဝါဒဖြန့်ချိရေးအတွက် ထပ်မံအသုံးမချနိုင်စေရန် မည်သည့်ကာကွယ်မှုများ ပြုလုပ်မည်နည်းဆိုသည့် မေးခွန်းများကို အဖြေပေးရန် တောင်းဆိုထားကြောင်း သိရသည်။

မဇ္ဈိမ