စစ်တွေမြို့တွင်း လူနေအိမ်နှင့် အဆောက်အအုံအချို့တွင် စစ်တပ်က အထိုင်ချနေရာယူ

By MPM 7 ဩဂုတ်, 2026 👁 44

တိုက်ပွဲများ မြို့နှင့် နီးစပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ လူနေအိမ်နှင့် အဆောက်အအုံအချို့တွင် ဝင်ရောက်အထိုင်ချနေရာယူပြီး မြို့တွင်းလုံခြုံရေးကို တိုးမြှင့်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စ၍ စစ်တွေမြို့ ဆတ်ရိုးကျတံတားအနီးက လူနေအိမ်နှင့် အဆောက်အအုံအချို့ကို အာဏာသိမ်းစစ်တပ်က ကာကင်းစခန်းများအဖြစ်အသုံးပြုရန် ဝင်ရောက်နေရာယူထားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“စစ်တွေမြို့တွင်းက လမ်းမကြီး ဆတ်ရိုးကျတံတားဖက်ကို သွားတဲ့ဘက်မှာ စစ်တပ်က နေရာယူနေတာတွေ ရှိနေတယ်လို့ သိရတယ်။ Wave ကာရာအိုကေဆိုင်နားက အဆောင်တွေမှာ စစ်တပ်ကဝင်ပြီး နေရာယူထားတာတွေရှိတယ်။ အိမ်ပိုင်ရှင်တွေကို ပစ္စည်းလာသိမ်းဖို့၊ လာမယူရင် သူတို့ အသုံးပြုမယ်ဆိုတာမျိုးတွေကိုလည်း အကြောင်းကြားတာရှိတယ်လို့ သိရတယ်” ဟု စစ်တွေမြို့အတွင်း အခြေအနေကိုသိရှိသူတစ်ဦးက ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိတော့သည့် စစ်တွေကို အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်ဘက်ကလည်း မြို့ပတ်ပတ်လည်တွင် ဘန်ကာများ၊ စစ်အင်အားများ အပြည့်ဖြည့်တင်းကာ ခံစစ်ကိုအခိုင်အမာပြင်ဆင်ထားသည်။

AA စစ်တွေမြို့တွင်းသို့ ထိုးဖောက်မဝင်ရောက်နိုင်အောင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက မြို့ပတ်ပတ်လည်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ပွိုင့်ကမ်းခြေတို့တွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံထားသည်။

ယင်းနေရာများတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဘန်ကာများ အခိုင်အမာတည်ဆောက်ခဲ့ပြီး မြို့တွင်းနေရာ အချို့တွင်လည်း ဘန်ကာများတည်ဆောက်ခဲ့သည်။ လက်ရှိတွင် မြို့တွင်းသို့ AA ထိုးဖောက်လာနိုင်သည့် နေရာများ ထပ်မံ အထိုင်ချနေရာယူလာခြင်းဖြစ်သည်။

“တိုက်ပွဲနီးလာလေလေ သူတို့ လုံခြုံရေးအတွက် ပြင်ဆင်တာတွေကို ပိုလုပ်လာမှာပဲ။ မြို့တွင်း ပိတ်နေတဲ့ပြည်သူတွေ အပြင်လုံးဝထွက်မရအောင်လုပ်နေတာ ကိုကြည့်ရင် သူတို့ ‌နေအိမ်တွေ တင်မဟုတ်ဘူး မြို့တွင်းနေပြည်သူတွေကိုလည်း စစ်ရေးအတွက် ဓားစာခံလိုမျိုးလုပ်လာနိုင်တယ်” ဟု စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး မြေပြင်တိုက်ပွဲများမှာ ပြင်းပြင်းထန်ထန်မရှိသေးသော်လည်း AA က ထိုးစစ်ဆင်လိုက်၊ ပြန်ရပ်လိုက်ရှိနေကာ နှစ်ဖက် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတော့ မကြာခဏရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် အာရက္ခတပ်တော်က ရေချမ်းပြင်ကျေးရွာအနီးနေရာများကို ထိုးစစ်ဆင်ကာ စစ်တွေမြို့သို့ထိုးဖောက်ရန် တဖြည်းဖြည်းချဉ်းကပ်တိုက်ခိုက်ခဲ့ကာ လက်ရှိမှာ ငြိမ်သက်နေ သည်။

“မြို့ပြင်အနီးအနားမှာတော့ တိုက်ပွဲတွေရှိပေမယ့် စစ်တွေမြို့တွင်းထဲမှာတော့ ‌တိုက်ပွဲအခြေအနေတွေ ဘာတွေ မရှိသေးဘူး။ ပုံမှန်သွားလာလှုပ်ရှားနေကြတုန်း။ စစ်တပ်ကတော့ ပုံမှန်ဧည့်စာရင်းစစ်တယ် မသင်္ခါရင် ဖမ်းတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်က စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ထားသည့်အပြင် တပြိုင်နက်တည်းမှာ မြို့သို့ထိုးဖောက်နိုင်ရေး မြို့ပတ်ပတ်လည်နေရာများမှ တိုက်ပွဲဖော်ဆောင်မှုများရှိသဖြင့် အာဏာသိမ်း စစ်တပ်သည် မြို့တွင်းလုံခြုံရေးအပြင် ပင်လယ်ပြင်လုံခြုံရေးကိုပါ တိုးမြှင့်လာသည်။

ယခု ဩဂုတ်လ ၃ ရက်က စစ်တွေမြို့နှင့် ရသေ့တောင်နယ်စပ် ပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် စစ်ဘေးရှောင် ၃ ဦးကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးခဲ့သည်။

စစ်တွေမြို့သည် ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့ဖြစ်ပြီး စစ်တွေမြို့ကျသွားပါက ရခိုင်တပြည်လုံး AA လက်ထဲရောက်သွားနိုင်ပြီဖြစ်၍ စစ်တပ်က စစ်ရေးအတွက် အင်အားအလွန်အကျွံဖြင့် ပြင်ဆင်ထားသည်။

DMG