ကျောက်ဖြူ စစ်ရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

By MPM 3 ဩဂုတ်, 2026 👁 61

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိနိုင်ဘဲ ခြင်ထောင်များလည်း အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ် စနဲတိုက်နယ်နှင့် ဇင်ချောင်းတိုက်နယ်အတွင်းမှ စစ်ဘေးရှောင်အချို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။

“စခန်းတစ်ခုကို လစဉ်သုံးပစ္စည်း သွားလှူတဲ့အချိန် ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံ တင်လိုက်ရတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေပေမယ့် ခြင်ထောင်တွေ လုံလောက်မှုမရှိဘဲ လိုအပ်နေတဲ့ ရွာတွေ အများကြီး ရှိနေတယ်။ ခြင်ထောင်တွေ ထောက်ပံ့ရင်လည်း ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုကို ဦးစားပေး ထောက်ပံ့ကြတာမျိုးတော့ရှိတယ်” ဟု ကျောက်ဖြူ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ (ERG) ဥက္ကဌ မအေးမေက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ULA/AA ဘက်မှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော်လည်း လူဦးရေများပြားမှုနှင့်အတူ ဆေးဝါး မလုံလောက်မှုများကြောင့် အခက်ကြုံနေရကြောင်း သိရသည်။

“ကျန်းမာရေးဝန်ထမ်းတွေ ကွင်းဆင်းတာမျိုးရှိပေမယ့် သူ့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့။ ပုံမှန်တော့ မရောက်ဘူး။ သူတို့က တစ်ပတ်တစ်ခါ ဆင်းတာမျိုးလည်းရှိတယ်။ သုံးပတ်လောက်နေလို့တစ်ခါ မရောက်တာမျိုးလည်းရှိတယ်။ ရောက်ရင်လည်း ဆေးဝါးမလုံလောက်တာတွေရှိတယ်။ ဥပမာ – ဖျားနာတာက ၁၀ ယောက်ဆိုရင် သူတို့မှာပါလာတဲ့ ဆေးဝါးက ၅ ယောက်စာပေါ့” ဟု သူက ဆက်ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ ညဉ့်အချိန် ခြင်တားဆီးရေးအတွက် မီးခိုးမွှန်းခြင်းကဲ့သို့ နည်းလမ်းများဖြင့် နေထိုင်ရသူများလည်း ရှိနေကြောင်း သိရသည်။

နောက်ထပ် စစ်ရှောင်အရေးကူညီပေးနေသူ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက “အခုက ခြင်ကိုက်မှုက တဆင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူတွေ ရှိလာတယ်။ HDCO တို့ တခြားအဖွဲ့တွေက ခြင်ထောင် လှူတာတွေကလည်း တစ်အိမ်ထောင်ကို တစ်စုဆိုတာမျိုးလှူကြတာများတယ်။ တချို့မိသားစုမှာကျ သားပျို သမီးပျိုရှိတော့ တစ်ခုထဲနဲ့ မလောက်ငှဘူး။ ပြီးတော့ တချို့ခြင်ထောင်မရှိတဲ့သူတွေကလည်း မီးခိုးမွှန်းပြီး နေကြရတယ်” ဟု ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် အမျိုးသမီးများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ အတွင်းခံ စသည့်လိုအပ်ချက်များလည်း ရှိနေကြောင်း ကူညီပေးနေသူများက ပြောဆို ထားသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ နေဗီများမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများမှာ တိုက်ပွဲဧရိယာနှင့် ကင်းလွတ်ရာနေရာများသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

DMG