ခေါင်းဆောင်မှု ညံ့ဖျင်း၍ ချင်းမြောက်ပိုင်းကို လက်လွှတ်ခဲ့ရကြောင်း ချင်းနိုင်ငံရေးအကဲခတ်များ သုံးသပ်

By MPM 31 ဇူလိုင်, 2026 👁 166

ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့များအား စစ်အုပ်စုထံ ပြန်ပေးလိုက်ရခြင်းမှာ ချင်းတော်လှန်ရေးအင်အားစုများအကြား ညီညွှတ်မှုအားနည်းခြင်းနှင့် ခေါင်းဆောင်မှုပိုင်း ညံ့ဖျင်းမှုများကြောင့်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

လက်တွေ့မကျသည့် မဟာမိတ်ဖွဲ့ခြင်းနှင့် ချင်းအင်အားစုများအကြား ညီညွှတ်မှုမရှိခြင်းတို့ကလည်း မြို့များကို မြန်မြန်ဆန်ဆန် လက်လွှတ်လိုက်ရခြင်းဟု ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ခိုင်ဆာက DMG ကို ပြောသည်။

“ပထမတော့ ခေါင်းဆောင်မှုပေါ့။ ခေါင်းဆောင်မှုကို ဘာဖြစ်လို့ ပြောလဲဆိုရင် ချင်းပြည်နယ် တောင်ပိုင်းရော၊ မြောက်ပိုင်းရော သိမ်းပိုက်နေတဲ့ အနေအထားတွေကို ကြည့်ရင်တော့ ၂၀၂၃ နဲ့ ၂၀၂၄ နောက်မှာ ချင်းလဲန်းအုပ်စုတွေ CNF အုပ်စုတွေ စစ်တိုက်တာကို မတွေ့ရတော့ဘူး။ ဟားခါး၊ တီတိန်းတို့ကို သူတို့ ဒီအတိုင်း မတိုက်ဘဲနေတယ်။ ဒါကြောင့် သူတို့ရဲ့ တော်လှန်ရေး စစ်ရေးအပေါ် ချဉ်းကပ်ပုံက ခေါင်းဆောင်ပိုင်းတွေရဲ့ အားနည်းတယ်လို့ မြင်တယ်” ဟု ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ခိုင်ဆာက DMG ကိုပြောသည်။

ယင်းအပြင် ခိုင်မာအားကောင်းသည့် ချင်းအမျိုးသားရေး၊ နိုင်ငံရေးဗျူဟာ မတည်ဆောက်နိုင်ခြင်းကလည်း အာဏာသိမ်းစစ်တပ်အတွက် မြို့များ ပြန်လည်ရရှိရန် အားကောင်းစေခဲ့ကြောင်း ပြောသည်။

“နောက်တစ်ချက်က လက်တွေ့မကျတဲ့ မဟာမိတ်ဖွဲ့မှုပေါ့ CC အုပ်စုပေါ့။ သူရဲ့ စစ်ရေး နိုင်ငံရေး မဟာမိတ်တွေက နယ်မြေ ပထဝီအနေအထားဝေးတော့ ချင်းမြောက်ပိုင်းမှာ စစ်ရေးအရ တကယ် အခက်ခဲရှိလာတဲ့အခါ ကူညီနိုင်စွမ်းမရှိဘူး။ သိမ်းပိုက်ပြီးမှ နယ်မြေတွေကို ပြန်ပြီး လက်လွှတ်လိုက်ရတာ တွေ့ရတယ်” ဟု သူက ဆက်ပြောသည်။

ထို့အတူ CNF အနေဖြင့် အာရက္ခတပ်တော်ကဲ့သို့ တိကျသည့် မူဝါဒ မရှိဘဲ ရေလိုက်ငါးလိုက် နေတတ်ကာ ချင်းပြည်တွင်းရှိသည့် CC နှင့် CB အုပ်စုတို့ကို သင့်မြတ်အောင် ပြန်ပြီး တွဲခေါ်နိုင်သည့် ကြိုးပမ်းမှုများ မရှိသဖြင့် ချင်းမြောက်ပိုင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးတပ်များအချင်းချင်း မကူညီနိုင်သည့် အနေအထားရှိကြောင်း ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့ကို ဧပြီနှင့် မေလတို့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ထန်တလန်မြို့ကို ဇူလိုင်လအတွင်းမှာ ထပ်မံ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိပြီး တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး မြောက်ပိုင်းမြို့နယ်အားလုံးကို စစ်တပ်က ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ထို့အတူ ချင်းပြည်နယ်တောင်ပိုင်းတွင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့ကို ချင်းညီနောင် CB သို့မဟုတ် CPU/CPA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားသည်။

ထို့အတူ ချင်းပြည်နယ်တွင် ချင်းလဲန်ကောင်စီ (CC) နှင့် ချင်းညီနောင် (CB) ဆိုပြီး အင်အားစုနှစ်ခု ကွဲပြား နေကြခြင်းဖြစ်ပြီး ချင်းလဲန်းကောင်စီ (CC) က ချင်းပြည်မြောက်ပိုင်းတွင် အဓိက အခြေချလှုပ်ရှားကာ ချင်းညီနောင် (CB) က ချင်းပြည်တောင်ပိုင်းမြို့နယ်များတွင် အဓိကထား လှုပ်ရှားသည်။

လက်ရှိတွင် စစ်အုပ်စုသည် ချင်းတောင်ပိုင်းရှိ ချင်းညီနောင် (CB) ထိန်းချုပ်ထားသည့် မင်တပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို မေလကတည်းက အင်အားထောင်ချီပါသည့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ပထမအကြိမ် တပ်လန်ခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာ ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ယင်းကြောင့် နောက်ထပ် ချင်းပြည်နယ် တောင်ပိုင်းကိုပါ လက်လွှတ်လိုက်ရပါက နိုင်ငံ၏ တော်လှန်ရေးအရွေ့တစ်ခုလုံးကို ထိခိုက်မှုများရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။

ကိုခိုင်ဆာက “အခုချင်းတောင်ကို ထိုးစစ်ဟာ ချင်းပြည်တစ်ခုတည်းကို မဟုတ်ဘဲ ရခိုင်ပြည်ကိုပါ လခြမ်းပုံ သဏ္ဍာန်နဲ့ စစ်တပ်က ဝိုင်းပတ်ပြီး ထိုးစစ်ဆင် ကြိုးပမ်းနေတာဖြစ်တယ်။ ချင်းတောင်ကိုလည်း စကစက ထိန်းချုပ်သွားပြီဆို ရခိုင်ပြည်နယ်လည်း ပိတ်မိသွားနိုင်တယ်။ အခုသူက ရခိုင်ပြည်နယ်ကို ဧရာဝတီ၊ ပဲခူ၊ မကွေးနဲ့ ချင်းပြည်နယ်တို့က ပိတ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ ချင်းပြည်သာ ပြန်သိမ်းနိုင်ခဲ့ရင် ရခိုင်ပြည်ရဲ့ တော်လှန်ရေး၊ နိုင်ငံရေးပေါ်မှာ အတိမ်အစောင်းရှိလာနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ချင်းပြည်တောင်ပိုင်း ထိုးစစ်များကို ချင်းပြည်သူ့တပ်မတော် (CPA) အပြင် ယောတပ်များ၊ အာရက္ခတပ်တော်တို့က အတူတကွ ခုခံနေကြောင်း သိရသည်။

မြို့နယ် ၉ ခုသာ ရှိသည့် ချင်းပြည်နယ်တွင် ၂၀၂၆ ခုနှစ်အစောပိုင်းအထိ ချင်းတော်လှန်ရေး အင်အားစုများက မြို့နယ် ၆ ခုအထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းကနေ လက်ရှိမှာ ချင်းပြည်တောင်ပိုင်းရှိ မြို့နယ် ၄ ခုသာ ချင်းပြည်သူ့တပ်မတော် (CPA) နှင့် အာရက္ခတပ်တော်တို့က ထိန်ချုပ်ထားနိုင်တော့ခြင်းဖြစ်သည်။

DMG