မင်းပြားနဲ့ ပေါက်တောမြို့များအား ULA/AA က အမည်သစ်ပြောင်း

By MPM 30 ဇူလိုင်, 2026 👁 100

ရခိုင်ပြည်က အထင်ကရ မြို့ ၂ မြို့ဖြစ်တဲ့ မင်းပြားမြို့နဲ့ ပေါက်တောမြို့တိုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ နာမည်သစ်ပြောင်းလဲပြီး မြို့ဆိုင်းဘုတ်သစ်တွေကို ယခုလ ၂၈ ရက်နေ့က တင်လိုက်ပါတယ်။

မြို့တွေရဲ့ အမည်မှာ ယခင်က မင်းပြားမြို့ကို “အဉ္ဇနပူရမြို့” အမည်သို့ ပြောင်းလဲပြီး ယခင် ပေါက်တောမြို့ကိုတော့ “ဝီရဌာနီမြို့” လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

မြို့အဝင် ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနားတွေကို ဇူလိုင် ၂၈ ရက်နေ့နံနက် ၆ နာရီမှာ မြို့ ၂ မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီမြို့ ၂ မြို့ရဲ့ ULA/AA ရဲ့ အမည်ပြောင်းလဲမှုနဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ULA/AA က ဌာနဆိုင်ရာတာဝန်ဟိသူများ၊ စစ်ဖက်ဆိုင်ရာအရာဟိများ၊ ဝန်ထမ်းများ၊ အာရက္ခစစ်သည်တော်များနန့် ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရက္ခိုင်ဗဟိုစည်တော်နဲ့ အာရက္ခနိုင်ငံတော်တေးခြင်းတွေကိုသီဆိုပြီး စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားအတွင်း မြို့ ၂ မြို့ရဲ့ နာမည်တွေပြောင်းလဲတာကို တရားဝင်ကြေညာခဲ့ပါတယ်။

နာမည်သစ်ပြောင်းလဲသတ်မှတ်လိုက်တဲ့အထဲ မင်းပြားမြို့အမည်ကို ပြောင်းလဲလိုက်တဲ့ “အဉ္ဇနပူရ” ဆိုတာကတော့ ပါဠိ/သက္ကတအခြေခံ နာမည်ဖြစ်ပြီး “အဉ္ဇန” ဆိုတာ အဉ္ဇနမြစ် (သို့) အဉ္ဇနလို့ သမိုင်းဝင်နာမည်ကို ရည်ညွှန်းတာဖြစ်ပြီး “ပူရ” ရဲ့အဓိပ္ပါယ်မှာ “မြို့” လို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။ “အဉ္ဇနပူရ” ဟာ “အဉ္ဇနမြစ်၏မြို့” လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ပေါက်တောမြို့အမည်ကို ပြောင်းလဲလိုက်တဲ့ “ဝီရဌာနီ” ဆိုတာကတော့ “ဝီရ” (သူရဲကောင်း၊ ရဲရင့်သူ) နဲ့ “ဌာနီ” (မြို့၊ နီရာ၊ ဌာန) ဆိုတဲ့ ပါဠိစကားလုံးနှစ်ခု ပေါင်းစပ်ထားတာဖြစ်ပါတယ်။ “ဝီရဌာနီ” ရဲ့အဓိပ္ပါယ်ကတော့ “သူရဲကောင်းတို့ရဲ့မြို့”၊ “ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့မြို့” (သို့) “သူရဲကောင်းတွေနေထိုင်ရာမြို့” လို့ အဓိပ္ပာယ်ရှိတယ်လို့ သိရပါတယ်။

ခုလို မင်းပြားနဲ့ ပေါက်တော ဒီမြို့ ၂ မြို့ကို ခု​လို နာမည်ပြောင်းလိုက်တဲ့အပေါ် အများပြည်သူတွေက ဝမ်းပန်းတသာကြိုဆိုကြတယ်လို့ ဆိုပါတယ်။

ဒီမြို့ ၂ မြို့ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်၀မြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကို ULA/ AA က စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်က မြို့ ၂ မြို့ အမည်ကို ပြောင်းလဲလိုက်တဲ့အပေါ်မှာ လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရက ဘာမှ တုံ့ပြန်ပြောဆိုတာမရှိပေမယ့် သဘောကျကျေနပ်ပုံမရဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

နိရဉ္စရာ