အာဏာသိမ်းစစ်တပ်၏ လက်ရှိ ကျင့်သုံးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်း အပစ်ရပ်ရေး ဗျူဟာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် လွဲချော်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြိုကွဲစေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ပြောဆိုလိုက်သည်။
ISP-Myanmar ၏ ဇူလိုင်လ ၂၁ ရက်ထုတ် “တဖွဲ့ချင်းနှင့် အပစ်ရပ်ရေးဆန်းစစ်ချက်၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းက ယခုကဲ့သို့ ထောက်ပြထားခြင်းဖြစ်သည်။
ထို့အတူ တစ်ဖွဲ့ချင်း အပစ်ရပ်ရေး အစီအမံများသည် နိုင်ငံရေးဆိုင်ရာ အနှစ်သာရ ကင်းမဲ့နေသည့်အပြင် စစ်အုပ်ချုပ်ရေး ခိုင်မာရေးနှင့် တော်လှန်ရေးအင်အားစုများကြား သွေးကွဲစေရန်အတွက် လက်နက်သဖွယ် အသုံးချနေခြင်းသာ ဖြစ်ကြောင်း ဆိုထားသည်။
“စစ်အာဏာသိမ်းမှုအလွန် အပစ်အခတ်ရပ်စဲရေးတွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုသော်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီကိုသော်လည်းကောင်း အားမပေးပါဘူး။ အပစ်ရပ်အခင်းအကျင်းကို အခြေခံကျတဲ့ ပြောင်းလဲမှုတွေ မလုပ်ဘဲ ပဋိပက္ခကို ထိန်းချုပ်ဖို့နဲ့ စစ်အုပ်ချုပ်ရေး အဓွန့်ရှည်စေဖို့အတွက် စီမံထားတဲ့ ဗျူဟာမြောက်ကိရိယာအဖြစ်ပဲ ရှိပါတယ်” ဟု ISP-Myanmar က သတိပေးထားသည်။
ယင်းဆန်းစစ်ချက်အရ စစ်အုပ်စုသည် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) နှင့် လက်အောက်ခံ PDF အပါအဝင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းထားသည့် တပ်ဖွဲ့များအား စနစ်တကျ ဘေးဖယ်ထုတ်ထားကြောင်း ထောက်ပြထားသည်။
ယင်းအပြင် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုနှင့် ဖိအားပေးမှုများမှာ ဒီမိုကရေစီ အရေးထက် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရုတ်စီမံကိန်းများ၏ အကျိုးစီးပွား လုံခြုံရေးကိုသာ ဦးစားပေးနေကြောင်းလည်း ဆိုသည်။
လက်ရှိတွင် TNLA နှင့် MNDAA တို့မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင်အဖြစ် ရှိနေသေးသော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုမှတစ်ဆင့် မက်လုံးပေးခံရသည့်အခါ မဟာမိတ် တပ်ပေါင်းစုဗျူဟာထက် မိမိဒေသတွင်း တည်ငြိမ်ရေးကိုသာ ဦးစားပေးရမည့် ဖိအားများနှင့် ရင်ဆိုင်လာရကြောင်း ဆိုထားသည်။
TNLA အနေဖြင့်လည်း လက်ရှိတွင် စစ်အစိုးရနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပြီး စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု လမ်းကြောင်းအပေါ် ရောက်လာသည်ကို တွေ့ရသည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အပစ်ရပ်ခဲ့သော ရှမ်းမြောက်ဒေသရှိ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) ကဲ့သို့ တိုင်းရင်းသားတပ်များနှင့် အပစ်ရပ်ရေးမှာ ရေရှည်ငြိမ်းချမ်းရေးထက် ပဋိပက္ခကို ခေတ္တ ထိန်းချုပ်ခြင်းသာဖြစ်ပြီး စစ်တပ်၏ အင်အားပြန်လည်စုစည်းကာ နေရာချထားရေးအတွက် အခွင့်အရေးရစေခဲ့ကြောင်း ISP-Myanmar က ထောက်ပြသည်။
မြန်မာ့ပဋိပက္ခအရေး စောင့်ကြည်နေသူတစ်ဦးက “ဒီကိစ္စမှာ အဓိကတော့ တရုတ် ပယောဂလုံးဝ မကင်းဘူးလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ အအောင်မြင်ဆုံး စစ်ဆင်ရေး ၁၀၂၇ ကို တရုတ်ဖိအားပေး ကိုင်တွယ်လိုက်တော့ ညီနောင် ၃ ဖွဲ့လည်း ကိုယ့်မူနဲ့ကိုယ် သွားရတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါတွေကို စစ်တပ်ကလည်း အားသာချက်တစ်ခုအဖြစ် ဖန်တီးလိုက်သလို ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး တော်လှန်ရေးမှာ အနည်းငယ် အားနည်းသွားတဲ့ သဘောကိုတော့ ထင်ထင်ရှားရှားမြင်ရတယ်” ဟု ရှုမြင်သည်။
ထို့တူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား ရခိုင်ဒေသအတွင်း ယာယီအပစ်ရပ်ပြီး ဒေသတွင်းမှ စစ်အင်အားကို စစ်ကိုင်းတိုင်းကဲ့သို့ နွေဦးတော်လှန်ရေးအချက်အချာကျသည့် ဒေသများသို့ ပြောင်းရွှေ့ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
စစ်အုပ်စု၏ အဆိုပါ သွေးခွဲအုပ်ချုပ်ရေးဗျူဟာများကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တစ်နိုင်ငံလုံးအဆင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဦးတည်ချက်များထက် ၎င်းတို့၏ ဒေသန္တရထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးကိုသာ ရေတိုဦးစားပေးရသည့် အခြေအနေသို့ ရောက်ရှိစေပြီး တော်လှန်ရေးတပ်ပေါင်းစု ညီညွတ်မှုကို ပိုမိုအားနည်းစေကြောင်း သုတေသနက ထောက်ပြထားသည်။
ယင်းကြောင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဝါဒအား ပြန်လည်မပြင်ဆင်နိုင်ပါက မြန်မာနိုင်ငံသည် စစ်တပ်၏ အာဏာရှင်စနစ်လက်အောက်ကို ပိုမိုရောက်ရှိသွားမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအနာဂတ်မှာ ပိုမိုအလှမ်းဝေးသွားနိုင်ကြောင်း ISP-Myanmar က ပြောဆိုထားသည်။
DMG