မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှု မရှိမဖြစ်လိုအပ်ဟု NLD ထုတ်ပြန်

By MPM 21 ဇူလိုင်, 2026 👁 80

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ပြည်သူ့ဆန္ဒနှင့် တရားဝင်ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အုပ်ချုပ်ရေးအား အသိအမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိရေး အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဇူလိုင်လ ၂၀ ) ရက်စွဲဖြင့် ထုတ်ပြန်သည့် NLD ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာ့နိုင်ငံရေးပြဿနာ၏ မူလအကြောင်းရင်းမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ အပြည့်အဝ ပါဝင်ခွင့်မရသည့် မည်သည့် နိုင်ငံရေးဖြစ်စဉ်မဆို ပြည်သူလူထု၏ ယုံကြည်လက်ခံမှု ရရှိရန်ခက်ခဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အကျပ်အတည်းဖြေရှင်းရေးတွင် အဓိက အတားအဆီးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် လိုအပ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင် ကြိုးပမ်းမှုများကို ကြိုဆိုပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်သည် အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်းလည်း ထပ်မံအတည်ပြုထားသည်။

အာဆီယံ၏ ထိတွေ့ဆက်ဆံရေး မူဝါဒသည် လက်တွေ့ဆန်သည့် နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်သော်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် အုပ်ချုပ်ရေးကို အသိအမှတ်ပြုသည့် အဆင့်သို့ မရောက်ရှိစေရန် သတိပေးထားသည်။

ထို့အပြင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ လူသားချင်းစာနာမှု အကူအညီများကို အတားအဆီးမရှိ ရောက်ရှိစေရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်ရန် တောင်းဆိုထားသည်။

NLD အနေဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံညှိနှိုင်းရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရန် အစဉ်အမြဲ ကိုင်စွဲထားပြီး အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ အခြေခံမူများနှင့် ဥပဒေစိုးမိုးရေးတို့ကို အခြေခံရမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

မဇ္ဈိမ