ချင်းတောင်ပိုင်းကို အင်အားထောင်ချီဖြင့် အာဏာသိမ်းစစ်တပ် ဒုတိယအကြိမ် ထိုးစစ်ဆင်

By MPM 18 ဇူလိုင်, 2026 👁 68

မကွေးတိုင်းအစပ် ချင်းပြည်နယ် တောင်ပိုင်းရှိ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ထိန်းချုပ်ထားသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က အင်အားထောင်ချီအသုံးပြုပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်နေသည်။

မကွေးတိုင်း ပေါက်မြို့အခြေစိုက် ကပစ-၂၄ နှင့် လောင်ရှည်မြို့ အခြေစိုက် ပကစ-၂၅ တို့ကနေ တပ်မ ၇၇ နှင့် တပ်မ ၉၉ ထုတ်နုတ် အင်အား ၁,၀၀၀ ဝန်းကျင်ကို စစ်ကြောင်းနှစ်ခုဖြန့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုရက်ပိုင်း စစ်တပ်က အင်အား ၁,၀၀၀ ဝန်းကျင် ဖြည့်တင်းပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်နေတာ။ ကပစ- ၂၄ ကနေ မင်းတပ်ဖက်ကို အင်အား ၅၀၀ ဝန်းကျင်၊ ပကစ-၂၅ ကနေ ကန်ပက်လက်ဖက်ကိုလည်း နောက်ထပ် အင်အား ၅၀၀ ဖြည့်ပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က DMG ကို ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် မေလ တတိယအပတ်ကစပြီး ချင်းတောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ပထမအကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းပြည်သူ့တပ်မတော် (CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ခုခံပြီးတန်ပြန်တိုက်ခိုက်သဖြင့် တပ်လှန်ပြီး အထိအခိုက်များစွာနှင့် ပြန်ဆုတ်ခဲ့ရသည်။

“ပထမထိုးစစ်ဆင် တပ်လှန်သွားတော့ မကွေးတိုင်းက ကပစ-၂၄ နဲ့ ကပစ-၂၅ တို့မှာ တပ်ပြန်ဖွဲ့ပြီး နောက်တစ်ခေါက် ထိုးစစ်ဆင်နေတာ” ဟု အဆိုပါ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဆောမြို့ကနေ ကန်ပက်လက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် ဆောမြို့နယ် ကံကြီးရွာဘက်နေ မင်းတပ်သို့ စစ်ကြောင်းတစ်ကြောင်းသည် လူ၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်းကာ စစ်ယာဉ်တန်း၊ မြေပြင်စစ်ကြောင်းဆင်ပြီးတော့ ရှေ့တိုးနေခြင်းဖြစ်သည်။

အဆိုပါ လမ်းကြောင်းတွင် ရှေ့ပြေးဒရုန်းများ၊ လေကြောင်းစောင့်ကြည့်မှုများအားယူကာ ချီတက်နေခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေသိသူများက ပြောဆိုသည်။

သို့သော်လည်း ယခင်ကတည်းက ရှေ့တိုးမရောက်ဖြစ်နေသည့် စစ်တပ်သည် လက်ရှိတွင် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများစွာရှိကြောင်းလည်း ချင်းဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေက လမ်းတဝက်မှာ ကျော်မရောက်ဖြစ်နေတော့ မင်းတပ်နဲ့ ပန်ပက်လက်မြို့နယ်က စစ်ဘေးရှောင် ကျေးရွာတွေ၊ မြို့ပေါ် ရပ်ကွက်တွေကို လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးအလုံးရေ ရာချီသုံးပြီး ဗုံးကြဲနေတယ်။ နေ့စဉ်ပဲ မကြဲတဲ့နေ့ မရှိဘူး” ဟု မြေပြင်အခြေအနေသိသူ ချင်းဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်ပြီး မကွေးတိုင်း၊ ဆောမြို့နှင့် ကျောက်ထုမြို့တို့မှာလည်း နောက်တန်းအင်အားဖြည့်တင်းထားပြီး ချင်းပြည်တောင်ပိုင်းကို မရမက ထိုးတက်မည့် အနေအထားမြင်နေရကြောင်း  ဆောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်ထု အခြေစိုက် အမတ- ၃၆၈ နဲ့ ဆောမြို့တို့မှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်နေတာ။ အဲဒီကတစ်ဆင့် ချင်းတောင်ပိုင်းကို လူအင်အား၊ လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းပြီးတော့ ဒုတိယအကြိမ် ထိုးစစ်ဆင်နေတာ။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေကြောင့် ဆောဖက်မှာလည်း စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေ ထောင်နဲ့ချီရှိတယ်” ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ချင်းပြည်တောင်ပိုင်းကို မတူညီသည့် ထိုးစစ်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက အကောင်းဆုံးခုခံထားကြောင်း  CPU/ CPA ပြောခွင့်ရသူ ကိုဆလိုင်းယောမာန်က ထုတ်ပြောဖူးသည်။

ချင်းတောင်ပိုင်းတိုက်ပွဲများသည် ချင်းပြည်တော်လှန်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ဂုဏ်သိက္ခအရ အရေးပါသဖြင့် ချင်းတပ်နှင့် တော်လှန်ရေးတပ်များ တောင့်ခံထားနိုင်ရန် လိုအပ်သလို အာဏာသိမ်းစစ်တပ်ကလည်း ချင်းမြောက်ပိုင်းက မြို့နယ်အားလုံးကို သိမ်းပိုက်ထားပြီးဖြစ်သဖြင့် နောက်ထပ် ဆက်လက်ထိုးစစ်များ ပြုလာနိုင်ကြောင်း သုံးသပ်နေကြသည်။

ထို့အတူ လက်ရှိ အာဏာသိမ်းစစ်တပ် ထိုးစစ်တက်နေသည့် ချင်းတောင်ပိုင်းတိုက်ပွဲများသည် ရခိုင်ပြည် ဝင်ပေါက် လမ်းတစ်နေရာဖြစ်သဖြင့် အာရက္ခတပ်တော်အတွက်လည်း အရေးပါနေကြောင်း ပြောနေကြသည်။

“ဒီမင်းတပ်၊ ကန်ပက်လက်တိုက်ပွဲတွေဟာ ချင်းတွေအတွက် တော်တော်အရေးပါတယ်။ စစ်ကောင်စီဟာ ချင်းပြည်မြောက်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီ။ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်ဟာ အားလုံး စစ်တပ်ထိန်းချုပ်လိုက်ပြီ။ အခုတောင်ပိုင်းကို အသည်းအသန် ထိုးနေတာ။ ဒါပေမဲ့ ဒီလမ်းမှာက AA တပ်တွေ လည်း အားဖြည့်ထားတော့ တိုးမပေါက်ဖြစ်နေတာလို့ မြင်တယ်” ဟု ချင်းတော်လှန်ရေး စောင့်ကြည့်နေသူ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် လက်ရှိ အာဏာသိမ်းစစ်တပ်သည် မြောက်ပိုင်း မြို့နယ် ၅ ခုကို ထိန်းချုပ်ထားနိုင်ပြီး တောင်ပိုင်း ၄ မြို့နယ်ကို ဆက်လက်ထိန်းရန် အပူတပြင်း လိုအပ်နေခြင်းဖြစ်သည်။

လက်ရှိ ချင်းတောင်ပိုင်းမြို့နယ် ၄ ခုတွင် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ကို ချင်းညီနောင်တပ် CB သို့မဟုတ် CPU/CPA က ထိန်းထားခြင်းဖြစ်သည်။

ထို့အတူ လက်ရှိ ထိုးစစ်တက်နေသည့် မင်းတပ်၊ ကန်ပက်လက်မြို့များသည် ချင်းတောင်ပိုင်းနှင့် ရခိုင်ပြည် အာရှလမ်းမကြီး မတူပီ၊ ပလက်ဝနဲ့ ရခိုင်၊ ကျောက်တော်မြို့အထိ တိုက်ရိုက်ပေါက်သဖြင့် အာရက္ခတပ်တော်ကလည်း မဟာမိတ်ကောင်းပီသစွာ ခုခံနေကြောင်း သူက ဆက်ပြောသည်။

လက်ရှိ အဆိုပါထိုးစစ်များကို ချင်းပြည်သူ့တပ်မတော် (CPA)၊ အာရက္ခတပ်တော် (AA) နှင့် ယောတပ်တော် (YA) အပါဝင် မကွေးတိုင်းအခြေစိုက်တပ်များက ပူးပေါင်းပြီး တိုက်ခိုက်နေကြခြင်းဖြစ်သည်။

DMG