စစ်အုပ်စုလက်အောက်ခံ စစ်တွေ (ဒကစ) က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေ

By MPM 15 ဇူလိုင်, 2026 👁 55

စစ်အုပ်စုထိန်းချုပ်ဆဲ ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က လက်နက်ကြီးများ အဆက်အပြတ် ပစ်ခတ်နေပြီး ဝေဟင်တွင်လည်း ဂျက်ဖိုက်တာများ ပျဲဝဲကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းမှ စ၍ ညနေ ၇ နာရီဝန်းကျင်ထိ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ကာ ဂျက်ဖိုက်တာနှစ်စီးကလည်း မြို့ပတ်ဝန်းကျင်နေရာများတွင် ပျံသန်းနေသဖြင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြသည်။

“မနေ့က တစ်နေ့လုံး မင်းဂံတပ်စခန်းက အမြောက်တွေနဲ့ ပစ်နေတာ။ AA ရှိတဲ့နေရာတွေကို လှမ်းပစ်နေတာထင်တယ်။ တစ်နေ့လုံး လက်နက်ကြီးတွေနဲ့ပစ်တာ။ နောက်ပြီး ဂျက်တွေလည်း မြို့ကိုပတ်ပြီး တစ်ရက်လုံးဝဲတယ်။ ဒီတိုင်းဆို မြို့ထဲမှာလည်း မလုံခြုံတော့ဘူး။ နေလို့ရပေမယ့် ဒီလက်နက်ကြီးသံတွေ တဒုန်းဒုန်းနဲ့က မနေရဲတော့ဘူး” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းမဟုတ်ဘဲ စစ်တပ်က တစ်ဖက်သက် လက်နက်ကြီးများပစ်ခတ်ကာ စစ်ရေးအရ ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းကလည်း စစ်တွေမြို့တွင်း တပ်ရင်းများက လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ ရှိနိုင်သည့်နေရာများကို ပစ်ခတ်နေခြင်းဟု ဒေသခံများက ဆိုကြသည်။

“ဒီနေ့ မနက်ကလည်း နှစ်ကြိမ်လောက် ပစ်သံကြားလိုက်ရတယ်။ မနေ့ကလည်း စစ်တွေဘက်က လက်နက်ကြီးပစ်တယ်။ ၆ ကြိမ် ၇ ကြိမ်လောက်ရှိမယ်ထင်တယ်။ သူတို့က (စစ်အုပ်စု) နေ့တိုင်းလိုလို လက်နက်ကြီး ပစ်နေတာပဲ။ တိုက်ပွဲဖြစ်/မဖြစ်တော့ မသိဘူး” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း အာဏာသိမ်းစစ်တပ်က စစ်တွေအစပ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့ကို မကြာခဏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး မြေပြင်တိုက်ပွဲများမှာ ပြင်းပြင်းထန်ထန်မရှိသေးသော်လည်း နှစ်ဖက် လက်နက်ကြီးပစ်ခတ်မှုများ အပြန်အလှန်ရှိနေသည်။

အာဏာသိမ်းစစ်တပ်က AA ထိုးစစ်ကိုခုခံရန် စစ်တွေမြို့ ပတ်ပတ်လည်တွင် ဘန်ကာများ အခိုင်အမာတည်ဆောက်ထားကာ စစ်အင်အားများ အလုံးအရင်းဖြည့်တင်းထားသည်။

DMG