ပွင့်ဖြူမှာ အာဏာသိမ်းစစ်တပ် စာသင်ကျောင်းကို ဒရုန်းနဲ့ ဗုံးချဖျက်ဆီး

By MPM 11 ဇူလိုင်, 2026 👁 45

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာက စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးချ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၀ ရက် ညနေပိုင်းအချိန်မှာ အုတ်ဖိုရွာ အထက ခွဲ ကျောင်းကို ၈၁ မမ လက်နက်ကြီးကျည်တွေအသုံးပြုပြီးတော့ ဒရုန်းနဲ့ ဗုံးချခဲ့တာဖြစ်ပါတယ်။

“တစ်ဖက်မှာက စစ်တပ်ဘက်က PDF တွေက ပွင့်ဖြူနယ်မှာ စာမသင်ရဘူးဆိုပြီး ဝါဒဖြန့်နေတယ်။ အဲဒါကို PDF တွေက မဟုတ်ကြောင်း ဆရာဆရာမတွေကို ဖြေရှင်းတယ်လို့ သိရတယ်။ အခုကကျတော့ စစ်တပ်ကပဲ စာသင်နေတဲ့ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လာဖျက်ဆီးသွားတာ။ ဘယ်သူက စာမသင်စေချင်တာလဲဆိုတာ သိသာပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးချ ဖျက်ဆီးသွားတဲ့ စာသင်ကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲတာမရှိသလို တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီကျောင်းမှာ ကျောင်းဖွင့် စာသင်နေချိန်ဖြစ်ပြီးတော့ အာဏာသိမ်းစစ်တပ်က ဒရုန်းချတာကြောင့် Grade 10 ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ​ကြား တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ အာဏာသိမ်းစစ်တပ်ဘက်က ပေါ်တာဆွဲဖမ်းဆီးတာ၊ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးတွေ လူနေအိမ်ပေါ်ချတာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်