ကံမမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်များကို စစ်အုပ်စု ညတွင်းချင်း ဖြိုချ

By MPM 7 ဇူလိုင်, 2026 👁 42

မကွေးတိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု (၃) ခုကို စစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညအချိန်တွင် တိတ်တဆိတ် ဖြိုချဖြုတ်ယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သရက်ခရိုင်၊ ကံမမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်အုပ်စုက ဇူလိုင်လ ၅ ရက်နေ့ညတွင် တစ်မြို့လုံးမီးဖြတ်၍ လာရောက်ဖြိုချဖြုတ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကြေးရုပ်တုသည် ပြည်သူလူထု၏ စုဆောင်းလှူဒါန်းငွေဖြင့် ကံမမြို့ဆေးရုံကြီးရှေ့တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ပြင် ဇူလိုင်လ ၅ ရက် ညပိုင်းနှင့် အာရုဏ်တက်အချိန်များတွင်လည်း မကွေးတိုင်းအတွင်းရှိ ရေစကြိုမြို့ ရုံးပေါင်းစုံဝင်းနှင့် မင်းဘူးမြို့တို့ရှိ ဗိုလ်ချုပ်ရုပ်ထုများကို စစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက တိတ်တဆိတ် လာရောက်ဖြိုချသိမ်းဆည်းသွားခဲ့သည်။

ထို့ကြောင့် ယခု ဇူလိုင်လပထမပတ်အတွင်း မကွေးတိုင်းတစ်ခုတည်း၌ပင် မြို့နယ် ၄ ခုထက်မနည်း ဗိုလ်ချုပ်ရုပ်ထုများ ဖယ်ရှားခံခဲ့ရသည်။

အသက် ၆၀ အရွယ် ကံမမြို့ခံတစ်ဦးက “အာဇာနည်ခေါင်းဆောင်များ ကျဆုံးတဲ့ ဇူလိုင် ၁၉ ရက်အမှီ တစ်နိုင်ငံလုံးက ကြေးရုပ်တွေ ဖျက်ဆီးသိမ်းယူမဲ့သဘော၊ အင်မတန် တန်ဘိုးနည်းတဲ့လူတွေ သမီးမနိုင် အဖေမဲနေတာ” ဟု ပြောသည်။

စစ်အုပ်စုတွင် နိုင်ငံရေးရည်ရွယ်ချက်များ ရှိနိုင်သကဲ့သို့ တဘက်တွင်လည်း ကြေးလိုအပ်ချက်ရှိနေသည်ဟု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) နှင့် နီးစပ်သူအချို့က ဆိုသည်။

(ကပစ) များတွင် ကျည်ဆန်ထုတ်လုပ်ရန် ကြေးနီနှင့် ကြေးဝါ ကုန်ကြမ်းများ လိုအပ်နေကြောင်း အသက် ၆၅ နှစ်အရွယ် ကပစ စစ်သားဟောင်းတစ်ဦးက “ရိုင်ဖယ်ကျည်ဆံဆိုရင် ကြေးဝါ ၇၀ ရာခိုင်နှုန်းနဲ့ ဇင့် ၃၀ ရာခိုင်နှုန်း ရောရတာ။ ထိပ်ဖူးဆိုရင် ကြေးနီကို ခဲသွပ်ရတာ၊ ကြေးအများအပြားလိုတာ ဟုတ်တယ်” ဟု ကျည်ဆန်ထုတ်လုပ်မှုနည်းပညာနှင့် ကုန်ကြမ်းလိုအပ်ချက် အခြေအနေကို ရှင်းပြသည်။

စစ်အုပ်စုသည် ဇွန်လနှင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်း ဒေသအများအပြားရှိ ဗိုလ်ချုပ်ကြေးရုပ်တုများကို လိုက်လံဖြိုချ ဖျက်ဆီးလျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံနှင့် သာကေတမြို့နယ်ရှိ မြကန်သာပန်းခြံတို့မှ ဗိုလ်ချုပ်ရုပ်ထုများ ဖယ်ရှားခံခဲ့ရသည်။

အလားတူ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ကျုံပျော်၊ မအူပင်မြို့များနှင့် မန္တလေးတိုင်း သာစည်မြို့၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ စစ်ကိုင်းတိုင်း ရေဦးမြို့၊ ပဲခူးတိုင်းအတွင်းရှိ ပဲခူးနှင့် တောင်ငူမြို့တို့မှ ဗိုလ်ချုပ်ရုပ်ထုများလည်း ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။