စစ်ရေးပဋိပက္ခကြား ကလေး ၁,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း AAPP ပြော

By MPM 1 ဇူလိုင်, 2026 👁 16

စစ်အာဏာသိမ်းချိန်မှ စ၍ ယခုအချိန်အထိ စစ်ရေးပဋိပက္ခများအတွင်း အပြစ်မဲ့ကလေးသူငယ်စုစုပေါင်း ၁,၀၈၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကလေးငယ် ၆၃၉ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ (ဇူလိုင် ၁ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအထဲ အချို့ဖြစ်စဉ်များတွင် ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးအသုံးချကာ မိဘများ၊ မိသားစုဝင်များကို ဖိအားပေးခြင်းများသည် ကလေးများ၏ လွတ်လပ်ခွင့်၊ လုံခြုံရေးနှင့် ကာကွယ် စောင့်ရှောက်ခွင့်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းအပြင် စစ်အုပ်စုသည် စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကြိမ်ရေ ၄၇၀ အထိ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ကလေးများ၏ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ပညာရေးအဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်နေခြင်းကြောင့် ကလေးငယ်များအတွက် လုံခြုံစိတ်ချရသည့် ပညာသင်ယူမှု ပတ်ဝန်းကျင်များ မရှိဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တချို့ ကားသံတွေဆိုရင် လေယာဉ်သံထင်ပြီး ဝင်ပြေးလာတာတွေ ရှိတယ်။ လမ်းမှာ ဆော့နေရင်း ပြေးလာတာတွေရှိတယ်။ တချို့ကလေးတွေဆိုရင် ကြောက်အားကြီးလို့ အိမ်ကို ပြေးလာလို့ မရောက်နိုင်တော့ဘူး။ လမ်းမှာ ငိုနေတယ်။ မိဘက သွားပြီး ခေါ်ရတယ်။ စာမေးပွဲ စစ်နေတုန်း လေယာဉ်လာနေရင်လည်း လေယာဉ်လာလို့ အိမ်ကို ပြေးလာတာရှိတယ်။ Y 12 တွေ၊ ဂျက်တွေလာရင် စာမေးပွဲဖြေနေတုန်း အိမ်ကို ပြန်လာရတဲ့ အခြေအနေရှိတယ်” ဟု ရခိုင်က ကလေးအုပ်ထိန်းသူ တစ်ဦးက ဆိုသည်။

ဆက်လက်၍  နိုင်ငံတဝန်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် လုံခြုံရေးမတည်ငြိမ်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ နည်းပါးလာပြီး နိုင်ငံတဝန်းရှိ ကလေးငယ် ၁ ဒသမ ၂ သန်းမှာ အခြေခံ ကာကွယ်ဆေးထိုးနှံခွင့်များ ဆုံးရှုံးနေရကြောင်း AAPP က ထုတ်ပြန်ထားသည်။

ယင်းအချက်များမှာ အာဏာသိမ်းစစ်တပ်သည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (OPAC) နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL) တို့ကို ချိုးဖောက်နေကြောင်း AAPP က ထုတ်ပြန်ထားသည်။

ယင်းအပြင် ကလေးငယ်များသည် စစ်ရေးပဋိပက္ခများအကြားတွင် မိဘအုပ်ထိန်းသူများနှင့် ခွဲခွာရခြင်း၊ တိုက်ပွဲဒဏ်နှင့် မိုင်းဒဏ်များကို ကြုံတွေ့ရခြင်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ကြုံနေရကြောင်း ကလေးသူငယ်အရေး လှုပ်ရှားသူများက ဆိုသည်။

“ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး (Child Protection) နဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (MHPSS) လုပ်ငန်းစဉ်တွေကို အရေးပေါ် ဦးစားပေး ကူညီပေးဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်။ ဘေးကင်း လုံခြုံခွင့်နဲ့ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် လျော့နည်းတာ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့အခါ အမိုးအကာ မရှိတာ၊ လူကုန်ကူးမှုအန္တရာယ်နဲ့ အသက်မပြည့်ဘဲ လုပ်အားခေါင်းပုံဖြတ်ခံရနိုင်ခြေ မြင့်မားတာတွေ ရှိနေတယ်။ လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး (Child Protection) နှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး ပံ့ပိုးမှု (MHPSS) လုပ်ငန်းစဉ်တွေဟာ မဖြစ်မနေ အရေးတကြီး ထည့်သွင်းလုပ်ဆောင်ရမယ့် ဦးစားပေးကဏ္ဍတွေ ဖြစ်နေတယ်” ဟု ကလေးသူငယ် အရေးလှုပ်ရှားနေသည့် ကျောက်တော်လူငယ်အစည်းအရုံး ဉက္ကဌ မသင်းအိဒါလီက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတဝန်းရှိ ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ပညာသင်ကြားခွင့်နှင့် လုံခြုံစွာ ကြီးပြင်းခွင့် စသည့် အခြေခံအခွင့်အရေးများသည် နေ့စဉ်နှင့်အမျှ  ခြိမ်းခြောက်ခံနေရပြီး အဆိုးရွားဆုံး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

နိုင်ငံတဝန်းလက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးသူငယ်များမှာ အသက်အန္တရာယ်နှင့် ကြုံရခြင်း၊ မတရားဖမ်းဆီးခံရခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေသည်။

ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝန်းများနှင့် သက်ဆိုင်ရာများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို ထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရန် အာရုံစိုက်ဆောင်ရွက်သင့်ကြောင်း AAPP က တောင်းဆိုထားသည်။

DMG