ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လည်လွတ်မြောက်လာစေရေးအတွက် ဖိအားပေးရန် သားဖြစ်သူ ကိုထိန်လင်းက လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ၎င်း၏ လူမှုကွန်ရက်၌ ထိုသို့ဆွေးနွေးခဲ့ကြောင်း အသိပေးထားသည်။
“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလည်း မရှိနိုင်ပါဘူး။ ယုံကြည်လက်ခံနိုင်မှုလည်း မရှိနိုင်ပါဘူး။ အနာဂတ်လည်း မရှိနိုင်ပါဘူး။ သူတို့အားလုံး လွတ်မြောက်လာတဲ့အထိ ဆက်လက်ဖိအားပေးကြပါ” ဟု ကိုထိန်လင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
နိုင်ငံအနှံ့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁၃၄ ဦး ပါဝင်သည့် APHR အဖွဲ့နှင့် ကိုထိန်လင်းသည် အင်တာနက်အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာစေရန် ရပ်တည်ပေးသည့် APHR အဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ကိုထိန်လင်းက ဆိုသည်။
APHR သည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က အာဆီယံဥက္ကဋ္ဌ ဖြစ်သူ ဖိလစ်ပိုင်သမ္မတ နှင့် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သေးသည်။
ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးမှု စတင်ရေးတို့ကို တောင်းဆိုထားသည်။
လွှတ်တော်အမတ်များက အဆိုပါ တောင်းဆိုချက်များသည် အသစ်အဆန်းမဟုတ်ဘဲ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်အောက်တွင် စစ်အုပ်စုက ယခင်ကတည်းက သဘောတူထားခဲ့သော ကတိကဝတ်များနှင့် ကိုက်ညီကြောင်းလည်း ထောက်ပြထားသည်။
APHR အဖွဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ခြင်း၊ နိုင်ငံရေးအရ အကာအကွယ်ပေးမှုများ ပြုလုပ်ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုံ့ဆော်မှုများပြုလုပ်ရန်အတွက် စုစည်းထားသော လက်ရှိနှင့် ယခင် လွှတ်တော်ကိုယ်စားလှယ်များ၏ လွတ်လပ်သော ကွန်ရက်အဖွဲ့အစည်းတခု ဖြစ်သည်။
မဇ္ဈိမ