စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ကျည်ဆန်ဖြင့်သာ တုံ့ပြန်စရာရှိသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ နိရဉ္စရာသို့ ပြောဆိုသည်။
“ဒီဖိတ်ခေါ်တာကို ဒီထက်ပိုရှင်းအောင် ပြောချင်တယ်။ သူတို့အကြမ်းဖက်စစ်တပ်က ဗုံးကြဲပြီးတော့ ငြိမ်းချမ်းရေးခေါ်လို့ရှိရင် ကျနော်ဖက်ကလည်း တုံ့ပြန်စရာဆိုလို့ ကျည်ဆန်ပဲ ရှိတယ်ဗျ” ဟု ဦးခိုင်သုခက ပြောဆိုသည်။
ဇွန်၂၆ ရက်နေ့မွန်းလွဲပိုင်းအချိန်၊ နေပြည်တော်တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်က “ရက် ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော် ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှ မထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” ဟု ပြောဆိုသည်။
ယင်းဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူက “ပါးစပ်က ငြိမ်းချမ်းရေးခေါ်တယ်။ လက်က နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်သူတွေကို မတရား ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်သတ်ဖြတ်နေတယ်။ ဒါဟာ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင်အနေနဲ့ အပြောနဲ့ အလုပ်တခြားစီဖြစ်နေတယ်။ သူ့စကားကိုသူ ကိုယ်တိုင်တာဝန်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြနေတာ ဖြစ်တယ်” ဟု ပြောဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မှ ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအလွန် အတုအယောင် ရွေးကောက်ခံအစိုးရ၏ ရက် (၁၀၀) အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း မြေပြင်တွင် အမှန်တကယ် တော်လှန်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုတစ်လေမှ တွေ့ဆုံဆွေးနွေးမှု မရှိသည့် အပေါ် ဘယ်လို မြင်ပါသလဲဟု မေးမြန်းရာ ဦးခိုင်သုခ ယခုလို ပြန်လည်ဖြေကြားသွားခဲ့သည်။
“ဒါကတော့ ရှင်းပါတယ်၊ သူတို့အကြမ်းဖက်စစ်တပ်က ခေါ်တဲ့ငြိမ်းချမ်းရေးကို အယုံအကြည်မရှိကြလို့ပေါ့ဗျာ” ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားချိန်တွင် စစ်ပွဲများအား မရပ်ဆိုင်းထားသည့် အပြင် ဆေးရုံ၊ စာသင်ကျောင်း၊ စျေးများ အပါအဝင် အရပ်သားများနေထိုင်ရာ ကျေးရွာများအား ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်နေသဖြင့် သမ္မတ ဦးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ရှေ့နောက်မညီ ကမောက်ကမဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်များက ပြောကြားသည်။
နိရဉ္စရာ