ရခိုင်အပါဝင် နေရာ ၆ ခုထက်မနည်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

By MPM 29 ဇွန်, 2026 👁 2

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်က ဆုံးရှုံးနယ်မြေများကို ပြန်လည် ထိုးဖောက်ဝင်ရောက်နိုင်ရေး အသည်းအသန်ကြိုးပမ်းနေပြီး ရခိုင်နှင့် ထိစပ်နေသည့် နေရာအားလုံးတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာနေကြောင်း AA က ထုတ်ပြန်သည်။

အာရက္ခတပ်တော်၏ ဇွန် ၂၇ ရက်က ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့သည် ရခိုင်ပြည်ထဲက  စစ်တွေ၊ ကျောက်ဖြူတို့မှာ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကြောင်း ဆိုသည်။
ထို့အတူ ရခိုင်ပြည်သို့ နေရာပေါင်းစုံကနေ ထိုးစစ်တက်နေသဖြင့် အာရက္ခတပ်တော်ကလည်း ခုခံစစ်များ ဆင်နွှဲနေရကြောင်း AA က ပြောသည်။

“အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတနေရာရပြီး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာချုပ်ဖြစ်ကတည်းက စပြီး ရခိုင်ပြည်ဘက်ကို ထိုးစစ်တက်နေတာကို မြင်ရတယ်။ အဓိက သူရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်က ဆုံးရှုံးနယ်မြေထဲက အနည်းငယ်လောက်ရရင်လည်း သူတို့အတွက် ဂုဏ်သိက္ခာအရ နည်းနည်း ခံသာမယ့် သဘောဖြစ်တယ်။ ဒါကြောင့် ထိုးစစ်တွေ ဘက်ပေါင်းစုံကနေ တက်နေတာလို့ ပြောရမယ်” ဟု ရခိုင်စစ်ရေး စောင့်ကြည့်နေသူတစ်ဦးကပြောသည်။

“ ဒါပေမဲ့ AA ရဲ့ ခုခံမှုနဲ့ တန်ပြန်ထိုးစစ်အောက်မှာ စစ်တပ်ကတော့ တပ်လန်နေတဲ့ အခြေအနေဖြစ်တယ်။ မကွေး၊ ပဲခူး၊ ဧရာဝတီက ဝင်မရောက်လို့ အခု ချင်းတောင်ပိုင်းကနေ ရခိုင်ပြည်ကို ဝင်လို့ရမလား ဆိုပြီး ထိုးစစ်တက် နေတာလို့လည်း ပြောနိုင်တယ်” ဟု သူက ဆက်ပြောသည်။

ယင်းအပြင် ရခိုင်ပြည်ထဲက လက်ကျန်မြို့ဖြစ်သော စစ်တွေမြို့နယ်တွင်လည်း ယခုရက်ပိုင်း ရသေ့တောင်မြို့နယ်ဘက်သို့ ရေတပ်လှုပ်ရှားမှုများ ရှိနေပြီး AA က လှမ်းပစ်နေသဖြင့် ရှေ့တိုးမရောက်ဖြစ် နေကြောင်း ဒေသခံများက ပြောသည်။

“ပုဏ္ဏားကျွန်း၊ စစ်တွေ နယ်စပ်ဘက်မှာလည်း လက်နက်ကြီး၊ ဒရုန်းအပြန်အလှန် ပစ်ခတ်မှုတွေ မကြာခဏ ရှိနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရသေ့တောင်ဘက်ကို စစ်သင်္ဘောတွေနဲ့ လှုပ်ရှားမှု တချို့ရှိခဲ့တယ်။ AA က လှမ်းပစ်လို့ တက်လာတာတော့ မရှိဘူး။ ဆုတ်သွားတယ်” ဟု မြေပြင် အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ် တောင်မော်ကြီး ရေတပ်စခန်းအနီးမှာလည်း တိုက်ပွဲများ နေ့စဉ်ရှိနေပြီး တောင်မော်ကြီးကနေ စနဲမြို့သို့ ထိုးစစ်တက်ရန် အကြိမ်ကြိမ်ကြိုးစားနေကြောင်း သိရသည်။

သို့သော် တောင်မော်ကြီးရေတပ်ကို AA က ဝိုင်းပတ်ပိတ်ဆို့ ထားတာကြောင့် စစ်တပ်ဘက်ကလက်နက်ချ အညံ့ခံသူနှင့် ဒဏ်ရရသူတို့လည်း ရှိနေကြောင်း သိရသည်။

ထိုသို့ တောင်မော်ကြီးတိုက်ပွဲအတွင်း အထိနာနေသည့် စစ်တပ်သည် စနဲမြို့ပေါ်ကို ဇွန်လ ၂၇ ရက်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲတွေပြင်းထန်တော့ စနဲမြို့ကို ဗုံးကြဲခဲ့တယ်။ လူအထိအခိုက်တော့မရှိခဲ့ဘူး။ နောက်ပြီးတော့ ရေတပ်စခန်းအနီးကိုလည်း မကြာခဏ ဗုံးလာကြဲတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ရခိုင်- မကွေးအစပ် ငဖဲမြို့နယ်၊ နတ်ရေကန်အနီးတွင်လည်း တိုက်ပွဲများနေ့စဉ်ရှိနေကြောင်း သိရသည်။

နတ်ရေကန်သို့ စစ်ကူလာသည့် အာဏာသိမ်းစစ်တပ်ကို AA နှင့် မဟာမိတ်တပ်များက ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အလားတူ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးအနီးတွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများ နေ့စဉ်ရှိနေကြောင်း သိရသည်။

ဆက်လက်ပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်လက်မြို့အနီးတို့တွင် ချင်း CPA တပ်ဖွဲ့များနှင့် အာရက္ခတပ်တော်ကလည်း ပူးပေါင်းတိုက်ခိုက်နေပြီး အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ဟန့်တားပိတ်ဆို့ ထားကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်တပ်သည် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို ဂျက်လေယာဉ်၊ Y12 လေယာဉ် အုပ်စုလိုက်ဖြင့် နေ့စဉ် ဗုံးကြဲမှုများ ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နှင့် ဧရာဝတီအစပ်တို့မှာ အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ ယခုရက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး ရေကြည်မြို့နယ်က  ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်း၊ ပွိုင့် (၁၄၈) ကုန်းတို့ကို AA က ဆက်တိုက် သိမ်းထားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း AA ကပြောသည်။

လက်ရှိ ဧရာဝတီ စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်တိုက်ရှိနေပြီး ရေကြည် အမြောက်တပ် (၃၄၄) နှင့် ပုသိမ် အခြေစိုက်တပ်ရင်းများကနေ အင်အား ၄၀၀ ဖြင့် ဂွမြို့နယ်သို့ ထိုးစစ်ဆင်နေသဖြင့်ကြောင့် တိုက်ပွဲများနေ့စဥ် ပြင်းထန်နေခြင်းဖြစ်သည်။

အလားတူ အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်ဂွမြို့နယ်သို့ ဝင်ရောက်နိုင်ရေး လေကြောင်းမှ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့ကလည်း နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ဖို့ ကြိုးစားနေကြောင်း AA က ပြောသည်။

သို့သော်လည်း ရခိုင်ပြည်သို့ နေရာပေါင်းစုံကနေ ထိုးစစ်တက်လာသည့် အာဏာသိမ်းစစ်တပ်ကို အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

DMG