ရေးမြို့နယ် မြို့ဟောင်းစခန်းရှိ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များကို စစ်ကော်မရှင်တပ် ဖမ်းဆီး

By MPM 25 ဇွန်, 2026 👁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်-ဘဲလမုလမ်းပိုင်းကြားရှိ မြို့ဟောင်းစခန်းမှ မွန်ပြည်သစ်ပါတီ တပ်သားများကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်ဇွန်လ ၂၂ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကော်မရှင် မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၅၈၈ ခြေမြန်တပ်ရင်းမှ အင်အားရာချီခန့် ရှိသည့် စစ်ကြောင်းတစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရေးမြို့နယ်တစ်ဝိုက် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်သားတစ်ဦးက ပြောသည်။

“အဲနေရာက မွန်ပြည်သစ်ပါတီစစ်ဆေးဂိတ်တော့ မဟုတ်ဘူး။ မွန်ပြည်သစ်ပါတီစခန်း မြို့ဟောင်းစခန်းလို့ ခေါ်ကြတယ်။ အခု သူတို့သိမ်းထားတယ်။ အဲမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း သူတို့ဖမ်းသွားတာ ရှိတယ်။ ဘယ်လောက်ဖမ်းသွားလဲဆိုတာကတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များကို မော့ကနင်အခြေစိုက် အမှတ် ၅၈၈ ခြေမြန်တပ်ရင်းတွင် လက်ရှိ ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

တပ်သား ၃ ဦးနှင့်အတူ လက်နက် ၇ လက် ဖမ်းဆီးရမိထားသည်ဟု လူမှုကွန်ရက်မှ ပြောဆိုချက်နှင့် ပတ်သတ်၍ IMNA မှ အတည်ပြုနေဆဲဖြစ်သည်။

မော့ကနင်ကျေးရွာအနီးတစ်ဝိုက်တွင် မွန်တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသွားလာနေသည့်အတွက် မှားယွင်းဖမ်းဆီးမှုဖြစ်နိင်ကြောင်းလည်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“AD တပ်ဖွဲ့ဝင်တွေထင်လို့ အဲမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေကို လာဖမ်းသွားတာလို့ သိရတယ်။ ကျနော်တို့လည်း အထက်ကလူတွေနဲ့ အဆက်အသွယ်မရသေးတော့ သေသေချာချာတော့ မသိသေးဘူး။ အခု ပြန်လွတ်လာကြပြီးလား၊ ဆက်ထိန်းထားဆဲလားဆိုတာလည်း စုံစမ်းနေတုန်းပဲ” ဟု ပြောသည်။

အဆိုပါ အခြေအနေများကို အသေးစိတ်သိရှိစေရန် မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ နီပွန်ဖောင်ဒေးရှင်းအဆောက်အအုံနေရာကို စစ်ကော်မရှင်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။

လက်ရှိ ဖြစ်စဉ်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နေပြည်တော်တွင် စစ်တပ်အဖွဲ့နှင့် မကြာခဏ သွားရောက်တွေ့ဆုံလျက်ရှိကြောင်း သိရသည်။

IMNA