မိုးတွင်းကာလ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်

By MPM 25 ဇွန်, 2026 👁 2

မိုးတွင်းကာလ၊ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသတွင်း စစ်ဘေးရှောင်များတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိက မိုးမိပြီး အပြင်းဖျားတာ။ ခြင်ကိုက်တယ်။ ရေမသန့်တာတွေ သောက်မိတယ် အဲ့ဒီလိုတွေကနေ စတာပေါ့” ဟု စစ်ဘေးရှောင်များကို ဆေးကုသမှုပေးနေသည့် ဆေးမှူးတဦးက ပြောသည်။

မဇ္ဈိမ၏ လက်လှမ်းမီသမျှ မေးမြန်းချက်များအရ ပဲခူးတိုင်း (KNU တပ်မဟာ (၂)၊ (၃) နယ်မြေ)၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ကရင်နီဒေသဘက်တို့မှ စစ်ဘေးရှောင်များတွင် ယခုမိုးတွင်းကာလ၌ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကဲ့သို့သော ရောဂါများဖြစ်ပွားမှု များနေခြင်းဟု ဆိုသည်။

“လိုအပ်ချက်ကတော့ မိုးတွင်းလူနာတွေက ငှက်ဖျား တော်တော်များတယ်ဗျ။ ဒီတော့ ဆေးဝါးတွေပဲ လိုအပ်ပါတယ်ခင်ဗျ။ ဝယ်သလောက် မလောက်ဘူးဖြစ်နေပါတယ်” ဟု တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်များကို ဆေးဝါးကုသမှုပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်အုပ်စုတပ်၏ မြို့တွင်းဘက်မှတဆင့် ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များတွင်ပင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး (Test kit) များ အလုံအလောက် မရှိခြင်းကြောင့် ဆေးဝါးပြတ်လပ်မှုမှာ ဆိုးရွားနေကြောင်း သိရသည်။

“ငှက်ဖျားအတွက်ကတော့ အခြေအနေ သုံးမျိုးရှိတယ်။ အဲ့ဒါတွေက Test Kit နဲ့စစ်ပြီး ဆေးကို အသက်အရွယ်အလိုက် ပေးရတာ။ ဒါပေမဲ့ အခုက အဲ့ဒီဆေးတွေ၊ Test Kit တွေ အကုန်ပြတ်နေတာ။ စစ်တပ်ကလည်း ဆေးဆိုတာ မြင်တာနဲ့ကို လမ်းမှာ ဖြတ်သိမ်းတာ” ဟု CDM ဆရာဝန်တဦးက ရှင်းပြသည်။

တော်လှန်ရေးရဲဘော်များလည်း အလားတူ ထိုရောဂါများ ဖြစ်ပွားမှု များနေကြောင်း သိရသည်။ထို့ပြင် စစ်ဘေးရှောင်စခန်းများအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများလည်း များစွာ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

“အဓိက ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြီးတော့ အခုက မိုးတွင်းဖြစ်တော့ အမိုးအကာတွေပေါ့။ ကျွန်တော်တို့ဘက်ကကျတော့လည်း ပေးရတာမှာ အကန့်အသတ်တွေရှိနေတယ်။ အခုဆို နေ့တိုင်း စစ်ရှောင်စခန်း တခုမဟုတ်တခုကနေ အကူအညီတောင်းစာတွေ နေ့တိုင်းလက်ခံရရှိတယ်” ဟု ကရင်နီဒေသတွင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် KHAI မှ တာဝန်ရှိသူတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN မှ တာဝန်ရှိသူတဦးကလည်း “ယခုလိုမိုးဦးကျကာလမျိုးမှာ တခြားရာသီထက် အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့နေရတာတော့ အမှန်ပါ။ ဘယ်လိုနေရာမျိုးမှာမှ လုံခြုံမှုမရှိပြီး နေရာအတည်တကျ (ရေရှည်နေရာမြဲ) ချထားလို့မရတဲ့ အခြေအနေမျိုးမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တဲအိမ်အမိုးအကာများဟာဖြင့် အရေးတယူထည့်သွင်းလုပ်ဆောင်ပေးရမယ့် အခြေခံလိုအပ်ချက်တွေပါ” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၌ လူဦးရေ အနည်းဆုံး ၂၅၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရသလို ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ ခရိုင်ခုနစ်ခုအတွင်း၌လည်း လူဦးရေ ၁,၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရကြောင်း KnHRG နှင့် KPSN ၏ အချက်အလက်များအရ သိရသည်။

မဇ္ဈိမ