ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံဖိအားပေးရန် လွှတ်တော်အမတ် ၁၃၄ ဦး တိုက်တွန်း

By MPM 23 ဇွန်, 2026 👁 4

နိုင်ငံ ၁၁ နိုင်ငံမှ လက်ရှိနှင့် ယခင်လွှတ်တော်အမတ် ၁၃၄ ဦးက ASEAN နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်အုပ်စုထိန်းသိမ်းထားသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုရေး ဖိအားပေးသင့်ကြောင်း တိုက်တွန်းလိုက်သည်။

ဇွန် ၁၉ ရက်စွဲပါ အိတ်ဖွင့်ပေးစာတွင် လွှတ်တော်အမတ်များက ASEAN ခေါင်းဆောင်များအနေဖြင့် မြန်မာစစ်အာဏာပိုင်များကို နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်ရှင်လျက်ရှိမှု အခြေအနေကို အတည်ပြုနိုင်ရန် လွတ်လပ်သော ဝင်ရောက်တွေ့ဆုံခွင့် ပေးရန်နှင့် ASEAN ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုကို ရှေ့တိုးဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အဆိုပါပေးစာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်းနှင့် တီမော-လက်စတေ နိုင်ငံတို့မှ လွှတ်တော်အမတ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလအတွင်း နေပြည်တော်ရှိ မဖော်ပြထားသော နေရာတခုတွင် ထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်း၏ အခြေအနေအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေကြောင်း လွှတ်တော်အမတ်များက ပြောသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်ရန်၊ မိသားစုဝင်များ၊ ဥပဒေအကြံပေးများနှင့် လွတ်လပ်သော ဆေးဘက်ဆိုင်ရာအဖွဲ့တဖွဲ့က အကန့်အသတ်မရှိ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရန် တောင်းဆိုထားသည်။

ပေးစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံနေရပြီး ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

လွှတ်တော်အမတ်များက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ရေးနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု စတင်ရေးတို့သည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးထားသည်။

အဆိုပါအိတ်ဖွင့်ပေးစာသည် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်သည့် ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး “Proof of Life” နှင့် “81 for 81” ကမ်ပိန်းများကို ထောက်ခံသည့်အနေဖြင့် နိုင်ငံ ၁၁ နိုင်ငံမှ လက်ရှိနှင့် ယခင်လွှတ်တော်အမတ် ၁၃၄ ဦးက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

APHR ၏ ဖော်ပြချက်အရ အဆိုပါပေးစာကို ASEAN ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နှင့် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ရောက်ရှိရေးနှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးမှု စတင်ရေးတို့ကို တောင်းဆိုထားသည်။

လွှတ်တော်အမတ်များက အဆိုပါတောင်းဆိုချက်များသည် အသစ်အဆန်းမဟုတ်ဘဲ ASEAN ၏ ဘုံသဘောတူညီချက် ငါးရပ်အောက်တွင် မြန်မာစစ်တပ် (စစ်အုပ်စု) က ယခင်ကတည်းက သဘောတူထားခဲ့သော ကတိကဝတ်များနှင့် ကိုက်ညီကြောင်းလည်း ထောက်ပြထားသည်။

APHR ၏ အိတ်ဖွင့်ပေးစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုသည် နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူပေါင်း ၃၁,၁၄၁ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၂၂,၀၀၀ ကျော်မှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

ထို့အပြင် ဒီမိုကရေစီလှုပ်ရှားသူများနှင့် အရပ်သားများအပါအဝင် လူ ၇,၈၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း ပေးစာတွင် ဖော်ပြထားသည်။

ပေးစာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအပေါ် မတရားဆက်ဆံမှု၊ အနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆေးကုသခွင့် ငြင်းပယ်ခံရမှုများ ဆက်လက်မှတ်တမ်းတင်ခံနေရကြောင်းလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းသည့်နေ့မှစ၍ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် နေပြည်တော်ရှိ မဖော်ပြထားသော နေရာတခုသို့ ထောင်မှ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သူမ၏ အခြေအနေအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များနှင့် ဥပဒေအကြံပေးများအနေဖြင့် သူမထံ ဝင်ရောက်တွေ့ဆုံခွင့်အပေါ် ပြင်းထန်သည့် ကန့်သတ်ချက်များ ဆက်လက်ကြုံနေရပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း သူမ၏ လက်ရှိအခြေအနေကို ယုံကြည်စိတ်ချရစွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပေးစာတွင် ဆိုထားသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်သည့် “proof of life” သည် အရေးပေါ်လိုအပ်နေကြောင်း လွှတ်တော်အမတ်များက ပြောကြားထားသည်။

လွှတ်တော်အမတ်များက ASEAN အနေဖြင့် မြန်မာမာစစ်အုပ်စုနှင့် နောက်ထပ် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ပြသရန်၊ မိသားစုဝင်များ၊ ဥပဒေအကြံပေးများနှင့် လွတ်လပ်သော ဆေးဘက်ဆိုင်ရာအဖွဲ့တဖွဲ့ကို အတားအဆီးမရှိ ချက်ချင်းဝင်ရောက်တွေ့ဆုံခွင့်ပေးရန် စည်းကမ်းချက်အဖြစ် သတ်မှတ်သင့်ကြောင်း တောင်းဆိုထားသည်။

ထို့အပြင် ASEAN ၏ ထိတွေ့ဆက်ဆံမှုများသည် အားလုံးပါဝင်ပြီး စည်းကမ်းချက်အခြေပြု ဖြစ်ရမည်ဖြစ်ကာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီ အတားအဆီးမရှိ ရောက်ရှိရေးနှင့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးမှုများတွင် တိုင်းတာနိုင်သည့် တိုးတက်မှုမရှိဘဲ ရှေ့ဆက်မသင့်ကြောင်းလည်း ပေးစာတွင် အလေးပေးထားသည်။

လက်မှတ်ရေးထိုးသူများထဲတွင် အီတလီ အောက်လွှတ်တော် လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ Laura Boldrini၊ ဥရောပလွှတ်တော်အမတ် Benedetta Scuderi၊ မလေးရှားမှ Saifuddin Abdullah၊ Maria Chin Abdullah၊ Charles Santiago၊ ဖိလစ်ပိုင်မှ Leila de Lima၊ ထိုင်းမှ Kasit Piromya နှင့် Kannavee Suebsang တို့အပါအဝင် ထင်ရှားသည့် လက်ရှိနှင့် ယခင်လွှတ်တော်အမတ်များ ပါဝင်သည်။

မြန်မာဘက်မှလည်း CRPH/NUG နှင့် ဆက်စပ်သည့် ဦးအောင်ကြည်ညွန့်၊ ဒေါ်ဖြူဖြူသင်း၊ ဦးဝင်းမြတ်အေးနှင့် ဒေါ်စူဇန်နာလှလှစိုးတို့ ပါဝင်ကြောင်း APHR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ