အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ် မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း အကဲခတ်များ ရှုမြင်

By MPM 22 ဇွန်, 2026 👁 2

ရွေးကောက်ပွဲကို စိတ်တိုင်းကျ ဖန်တီးပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက် စပြီး ၄ ရက်တာ ခရီးသွားခဲ့သည်။

ယင်းအပြင် ဦးမင်းအောင်လှိုင်သည် သမ္မတဖြစ်ပြီးနောက် မေလကုန်ပိုင်းက အိန္ဒိယနိုင်ငံသို့ ခရီးသွားခဲ့သည်။

ယင်းကြောင့် ယခု တရုတ်နိုင်ငံသို့ သွားခြင်းမှာ မြန်မာ့နိုင်ငံရေးချိန်ခွင်လျှာ အားကောင်းရေးနှင့် သံတမန်ဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ရှုမြင်သည်။

“မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံးမှာ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားနဲ့ ရပ်တည်မှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအပေါ်မှာ လွှမ်းမိုးမှုနဲ့ အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရတယ်။ အနီးစပ်ဆုံးကတော့ TNLA နဲ့ MNDAA တို့ကတော့ အကောင်းဆုံး ဥပမာပေါ့။ အဲဒီလို လွှမ်းမိုးမှု သဘောတရားမျိုးရှိနေတဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့ အစုအဖွဲ့တွေ အပေါ်မှာလည်း နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဒေါက်တာစိုင်းကြည်ဇင်စိုးက DMG ကို ပြောသည်။

ထို့အတူ ယခုအခြေအနေတွင် တော်လှန်ရေးအင်အားစုများ အချင်းချင်းစုစည်းပြီး ကြိုတင်ညှိနှိုင်းစေ့စပ်မှုများ မတည်ဆောက်ထားပါက စစ်အုပ်စုနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေး၊ နိုင်ငံရေး ဖိအားများကို မြန်ဆန်စွာကြုံတွေ့ရနိုင်ကြောင်း ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုထားသည်။

မြန်မာ့တော်လှန်ရေးသည် ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုနှင့်အတူ စစ်အုပ်စုကို ဖြုတ်ချရေးအထိ မျှော်လင့်ချက်ထားခဲ့ကြသော်လည်း တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်တိုက်ပွဲရပ်တန့်စေပြီး သိမ်းပိုက်နယ်မြေ အချို့ကိုပါ စစ်အုပ်စုထံ ပေးခဲ့ခြင်းဖြစ်သည်။

ယခု ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်နှင့်အတူ အခြားတစ်ဖက်တွင်လည်း ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့ကလည်း တရုတ်နယ်စပ်ရှိ ‘ဝ’၊ မိုင်းလားနှင့် ရှမ်း SSPP အဖွဲ့များနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်နေသည်။

ယင်းတွေ့ဆုံမှုများမှာ တရုတ်ခရီးစဉ်၏ နောက်ကွယ်မှ အစိတ်အပိုင်းများဖြစ်ပြီး မြန်မာ့တော်လှန်ရေး အလှည့်အပြောင်းအတွက် တရုတ်လွှမ်းမိုးမှုနှင့် ဖိအားများ ဆက်လက်ပေးနိုင်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

ယင်းကြောင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မဟာမိတ် နွေဦးတော်လှန်ရေးတပ်များ အတွက်လည်း အကျပ်ရိုက်စေမည့် စိန်ခေါ်မှုမျိုးများ ဖြစ်လာနိုင်ကြောင်း စစ်ရေးအကဲခတ် CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“အဓိကတော့ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ကချင်အဖွဲ့ (KIA) အပေါ်မှာရောပေါ့၊ တရုတ်ကနေ ဖိအားသက်ရောက်လာမယ့် အနေအထားမျိုး တွေ့ရတယ်။ ဒီတော့ တော်လှန်ရေးတပ်တွေအနေနဲ့ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ပြီး စစ်တပ်ကို ကောင်းကောင်းကြီး တိုက်စစ်ဆင်နိုင်မယ့် အခြေအနေမျိုး ရှိနေသင့်ပြီလို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က DMG ကို ပြောသည်။

လက်ရှိ တရုတ်နယ်စပ်မှ KIA သည် စစ်ကိုင်းအထိ တိုက်ပွဲရှိနေပြီး ရှမ်းမြောက်ညီနောင်သုံးဖော် အဖွဲ့ဝင် AA သည်လည်း ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ပဲခူးဒေသများအထိ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။ ယင်းတိုက်ပွဲများမှာ နွေဦးတော်လှန်ရေးတပ်များနှင့် မိတ်ဖွဲ့တိုက်နေခြင်းဖြစ်ပြီး တရုတ်အနေဖြင့် KIA နှင့် AA အပေါ် မကြုံစဖူး ဖိအားများ ပေးလာနိုင်ခြေရှိကြောင်း အကဲခတ်အချို့က သုံးသပ်နေခြင်းဖြစ်သည်။

ယင်းအပြင် ခရီးစဉ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း MOU ၁၈ ခုနှင့်အတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) နှင့် ရထားလမ်းစီမံကိန်းများ စွမ်းအင် ရေနံ သဘာဝဓာတ်ငွေ့ စီမံကိန်းကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သဘောတူထားသည်။

အဆိုပါ စီမံကိန်းအစိတ်အပိုင်းများမှာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်အထိ ဆက်နွယ်နေခြင်းဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်မှ လွဲ၍ အခြားဒေသများတွင် တိုက်ပွဲများ၊ အာဏာသိမ်းစစ်တပ်၏ လက်လွှတ်နယ်မြေများ ရှိနေခြင်း ဖြစ်သည်။

၈၈ ရခိုင်မျိုးဆက် ကျောင်းသားခေါင်းဆောင် ရခိုင်အမျိုးသားတစ်ဦးက “သူတို့ (စစ်အုပ်စု) ပေးတဲ့ ကတိကဝတ်ဆိုတာ တရုတ်ရဲ့ နိုင်ငံရေးထောက်ခံမှုကို ရဖို့ လေလှိုင်းထဲကနေ ရောင်းစားနေရတဲ့ အရောင်းအဝယ်တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုံခြုံဖို့အတွက် အာဏာမရှိတော့တဲ့ စစ်အစိုးရထက် မြေပြင်မှာ တကယ်အာဏာစိုးမိုးထားတဲ့ အာရက္ခတပ်တော် AA နဲ့ လက်တွေ့ကျကျ ညှိနှိုင်းလာရမှာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်က မြို့ပေါင်း ၁၀၀ ကျော်ထိ လက်လွှတ်ခဲ့ရသည့် အာဏာသိမ်းစစ်တပ်သည် လက်ရှိတွင် နယ်မြေအချို့ကို ပြန်လည်စိုးမိုးလာနိုင်သကဲ့သို့ တရုတ်နှင့် အိန္ဒိယတို့၏ အားပေးထောက်ခံမှုကို အသေအလဲ ကြိုးပမ်းပြီး နိုင်ငံရေးစင်မြင့်ထက်တွင် တရာဝင်ဖြစ်ရေးကို လိုလားနေခြင်းဖြစ်ကြောင်း အကဲခတ်များက မှတ်ချပေးနေကြသည်။

DMG