တနင်္သာရီမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းထိလို့ မိခင်ဖြစ်သူ သေဆုံးပြီး သားနဲ့တူမတို့ ဒဏ်ရာရ

By MPM 22 ဇွန်, 2026 👁 4

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး သားနဲ့ တူမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က လယ်တောင်ယာကျေးရွာနေ အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ကြူကြူခိုင်၊ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မောင်ဟိန်းထက်အောင်နဲ့ အသက် ၂၂ နှစ်အရွယ် မနန်းမော်လင်းတို့ဟာ ကျေးရွာတောအစပ်မှာ ဟင်းရွက်ခူးသွားရင်း မိုင်းထိခဲ့တာပါ။

မြေမြှုပ်မိုင်းကြောင့် မိခင်ဖြစ်သူ ဒေါ်ကြူကြူခိုင်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး သားဖြစ်သူနဲ့ တူမဖြစ်သူတို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သားနဲ့ တူမဖြစ်သူတို့နှစ်ဦးဟာ လက်ရှိမှာတော့ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့ လယ်တောင်ယာကျေးရွာဟာ အာဏာသိမ်းစစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေပါ စစ်ရေးလှုပ်ရှားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာ အရှေ့ဘက်ကမ်းမှာ မြေမြှုပ်နင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်