ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သူတို့ရဲ့ရှိနေတဲ့ တပ်ရင်းတွေကို ပြီးခဲ့တဲ့ မတ်လစပြီးယခု ဇွန်လတွေအတွင်းမှာ ပြန်လည်စုဖွဲ့မှုတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။
KNDF တပ်ရင်းအမှတ် (၆)၊ အမှတ် (၇) နဲ့ အမှတ် (၂၈) စတဲ့ တပ်ရင်း ၃ ရင်းတို့ကို စစ်ဒေသအမှတ် (၂)၊ တပ်ရင်းအမှတ် (၅) အဖြစ် မေလ ၂၂ နေ့က ပြန်လည်စုဖွဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
နောက်ထပ် တပ်ရင်း အမှတ် (၁)၊ အမှတ် (၉) နဲ့ အမှတ် (၁၉) တပ်ရင်း ၃ ရင်းကိုလည်း စစ်ဒေသအမှတ် (၂)၊ တပ်ရင်းအမှတ် (၆) အဖြစ် ပြန်လည်စုဖွဲ့ကြောင်းဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားသလို၊ တပ်ရင်း အမှတ် (၈) နဲ့ အမှတ် (၅) တပ်ရင်း ၂ ရင်းကိုလည်း စစ်ဒေသအမှတ် (၂)၊ တပ်ရင်း အမှတ် (၇) အဖြစ် စုဖွဲ့ကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီလိုပြန်လည်စုဖွဲ့မှုတွေက တပ်ဖွဲ့ရဲ့ အမိန့်ပေးစီးဆင်းမှု၊ စည်းကမ်းနဲ့ စနစ်တကျဖြစ်စေမှုတို့ကို ပိုပိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြန်လည်ဖွဲ့စည်းထားတဲ့တပ်တွေရဲ့ အသိပေးထုတ်ပြန်စာတွေမှာဖော်ပြထားကြပါတယ်။
တပ်ပြန်လည်ဖွဲ့စည်းမှုကနေတဆင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ရှေ့လုပ်ငန်းစဥ်၊ တပ်ဖွဲ့စည်းမှု ရည်မှန်းချက်က ဘယ်လိုရှိလဲဆိုတာ KNDF ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးကို ကန္တာရဝတီတိုင်း (မ်) က မေးမြန်းခဲ့ရာ မှတ်ချက်ပြုစရာမရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“တပ်ပြန်လည်စုဖွဲ့ရေးကိစ္စက မပြီးမြောက်သေးတဲ့အတွက် မှတ်ချက်ပြုစရာမရှိသေးပါဘူး” လို့ တာအယ်စိုးက ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြည်နယ်အတွင်း တပ်တစ်တပ်တည်းဖြစ်ဖို့ကို ဦးတည်နေတယ်လို့လည်း အရင်က ကန္တာရဝတီတိုင်း (မ်) ကို ဖြေကြားခဲ့ဖူးပါတယ်။
အခုလို တပ်တွေပြန်လည်စုဖွဲ့လိုက်တာက ပြည်နယ်တပ်ပေါ်ပေါက်ရေး နည်းဗျူဟာထဲက တစ်ခုလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းက လူငယ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး တပ်ရင်း နံပါတ် ၃၄ အထိ ရှိခဲ့တာပါ။
ကန္တာရဝတီတိုင်း (မ်)