လေကြောင်းရန်ကြောင့် ရေးချောင်းဖျားဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်

By MPM 10 ဇွန်, 2026 👁

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ် ထပ်မံဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လဆန်းပိုင်းမှာ ရေးချောင်းဖျားဒေသရှိ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုဇွန်လအတွင်းမှာပဲ ရေးချောင်းဖျားဒေသခံပြည်သူတချို့ဟာ ရေးမြို့ပေါ်နဲ့ ကျောင်းရွာတို့ကို နေရပ်စွန့်ခွာ ပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေကနေ မတိမ်းရှောင်ဘဲ ရွာမှာကျန်ရစ်နေသူတွေကလည်း ဘယ်အချိန်ဗုံးလာကြဲမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြပြီး အဲဒီထဲက ဒေသခံပြည်သူတချို့က ညပိုင်းမှာ ဥယျာဉ်ခြံတွေထဲ ပြောင်းအိပ်နေထိုင်နေရတယ်လို့ သိရပါတယ်။

ကျေးရွာပေါင်း ၁၉ ရွာရှိတဲ့ ရေးချောင်းဖျားဒေသဟာ စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေဖြစ်ပြီး အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေလည်း အခြေချလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က ရေးချောင်းဖျားဒေသရှိ ရေးဘီလူးစခန်းကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၃ ရက်နေ့ကလည်း ရေးချောင်းဖျားဒေသရှိ ကျေးရွာ နှစ်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၀ ကျော်အရွယ် ခြံလုပ်သား အမျိုးသားတစ်ဦး ထိမှန်သေဆုံးထားပါတယ်။

သံလွင်တိုင်းမ်