စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ် ဗျူဟာပြောင်းလာဟု ချင်းညီနောင်ပြော

By MPM 8 ဇွန်, 2026 👁

မကွေးတိုင်း၊ ဆောမြို့ကတစ်ဆင့် ထိုးဖောက်လာနေသည့် အာဏာသိမ်းစစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်များမှာ ဗျူဟာပြောင်းလဲ တိုက်ခိုက်လာနေကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြောလာသည်။

ချင်းတောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က မေလလယ်ပိုင်းမှ စ၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိ ထိုးစစ်များမှာ ယခင်ပုံစံကဲ့သို့ စစ်ကြောင်းတစ်ခုတည်းမဟုတ်ဘဲ စစ်အင်အား အမျာအးပြားဖြင့် ဖြန့်ကျက်ထိုးဖောက်နေခြင်းဟု ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောသည်။

“ကျနော်တို့အတွက် ခက်ခဲတာ နှစ်ခုရှိတယ်။ လူအင်အား အဆမတန် များပြားတာရယ်၊ စစ်အင်အားတွေ မြန်မြန်ဆန်ဆန် ရောက်ရှိတာရယ် နှစ်ခုရှိတယ်။ အခု ကန်ပက်လက်ကို ထိုးတယ်။ မင်းတပ်ကို ထိုးတယ်ဆိုတာကလည်း သူတို့က အရင်ကလို ထိုးတာ ပုံစံမျိုးမဟုတ်ဘဲနဲ ဖြန့်ကြဲပြီး ထိုးတာ။ ကန်ပက်လက်ကိုပဲ ထိုးထိုး၊ မင်းတပ်ကိုပဲ ထိုးထိုး တစ်ကြောင်းထဲ မထိုးဘဲနဲ့ တစ်မိုင်စာ၊ နှစ်မိုင်စာ ဖြန့်ကြန့်ပြီး ဝိုင်းပြီးတော့ ထိုးတက်တာ” ဟု ဆလိုင်းယောမာန်က ဇွန်လ ၆ ရက်တွင် ပြုလုပ်သည့် ရံပုံငွေရှာဖွေပွဲမှာ ပြောခဲ့သည်။

ထိုသို့ အာဏာသိမ်းစစ်တပ်၏ ဗျူဟာပြောင်းထိုးစစ်များနှင့်အတူ ၎င်းတို့ဘက်ကလည်း ခံစစ်ကိုပါ ဖြန့်ကျက်နိုင်သည်အထိ တန်ပြန်ခုခံနေရသဖြင့် အခက်အခဲများလည်းရှိနေကြောင်း ဆလိုင်းယောမာန်က ဆက်လက်၍ ပြောသည်။

အာဏာသိမ်းစစ်တပ်က ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ကို ပြီးခဲ့သည့် ဧပြီနှင့် မေလတို့မှာ သိမ်းပိုက်ပြီးနောက် ချင်းတောင်ပိုင်းက ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်တို့ကို အင်အားထောင်ချီသုံးကာ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။

လက်ရှိ ချင်းတောင်ပိုင်း တိုက်ပွဲများသည် ပြောက်ကျားစစ် မဟုတ်ဘဲ ဗျူဟာကျတိုက်ပွဲများကို ဆင်နွှဲနေရခြင်းဖြစ်၍ ရှုံးဆုံးခြင်းမျိုး မဟုတ်ဘဲ နေရာအချို့ဆုတ်ပေးနေရခြင်းများလည်း ရှိနေကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

စစ်ရေးလေ့လာစောင့်ကြည်သူတစ်ဦးက “အဓိကတော့ ချင်းတောင်ပိုင်းတိုက်ပွဲတွေဟာ အေအေကိုလည်း ဦးတည်တာ တွေ့ရတယ်။ မကွေး၊ ဧရာဝတီ၊ ပဲခူးဘက်က ဝင်လို့ရတဲ့အတွက် မင်းတပ်၊ ကန်ပက်လက်ကနေပြီး အင်အားထောင်ချီသုံးထားတဲ့ အာဏာသိမ်းစစ်တပ်က မတူပီ၊ ပလက်ဝကနေ ရခိုင်ကိုလာဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု ပြောသည်။

ယခုအခါ ချင်းတောင်ပိုင်းတိုက်ပွဲသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိလာနေကြောင်းလည်း ချင်းညီနောင်အဖွဲ့က ပြောထားသည်။

ထို့ကြောင့် စစ်ရေးအရ အဆုံးအဖြတ်အောင်ပွဲများက အချိန်ကာလတစ်ခုအကြာမှ သတ်မှတ်နိုင်မည်ဟု ဆိုထားသည်။

ချင်းတောင်ပိုင်းကတစ်ဆင့် ရခိုင်သို့ ထိုးဖောက်ရန် ကြံဆနေသည့် အာဏာသိမ်းစစ်တပ်သည် မကွေးတိုင်း၊ ယောဒေသကတစ်ဆင့် အင်းအားဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ကာ ချင်းတောင်းပိုင်းသို့ ပို့ဆောင်နေသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ချင်းညီနောင်အဖွဲ့ (CB) က ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထိန်းချုပ်ထားခြင်းလည်းဖြစ်သည်။

DMG